Preview

မောင်တောပြားသားရွာစစ်ဘေးရှောင်များခိုလှုံနေသည့်ဘုန်းတော်ကြီးကျောင်းကိုစစ်ကောင်စီလေတပ်ကဗုံးကြဲ၍အရပ်သား၄ဦးသေဆုံး

နိုဝင်ဘာ ၀၃/ ၂၀၂၄ | ကြည့်ရှုသူ :2399
ရခိုင် သတင်း

နိရဉ္စရာ၊ နိုဝင်ဘာ ၃/၂၀၂၄

ရခိုင်ပြည် အနောက်ဘက်နယ်စပ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ပြားသားရွာဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီ လေတပ်က ဗုံးကြဲ၍ စစ်ဘေးရှောင်၄ဦး သေဆုံးပြီး သက်တော် (၇၂) နှစ်ရှိဆရာတော်ကြီးတစ်ပါးအဝင်၂ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူများမှာမောင်တောမြို့အမှတ်(၁) ရပ်ကွက်မှ စစ်ဘေးရှောင်လာကြသူများဖြစ်ကြသည့်ဒေါ်မစောရီ(ခ) ဒေါ်မစိန်ဘု(၆၄)နှစ်၊ဦးရွှေကျော်(ခ)ဦးညီချေ(၅၇) နှစ်၊မောင်ထွန်းထွန်းဝင်း(၁၇)နှစ်နှင့်     မောင်တောမြို့အမှတ် (၃) ရပ်ကွက်မှဦးမောင်သန်း(၆၄) နှစ်တို့ဖြစ်ကြသည်။

ဒဏ်ရာရရှိသူများမှာမောင်တောမြို့၊မြို့မကျောင်းတိုက် (ခန်းနီဆရာတော်) အသျှင်တေဇောဘာသသက်တော်(၇၂) နှစ်နှင့်  မောင်တောမြို့၊(၁)ရပ်ကွက်မှဦးထွန်းထွန်းနိုင်(၄၇) နှစ်တို့ဖြစ်ကြသည်ဟုသတင်းရရှိသည်။

စစ်ကောင်စီ လေတပ်မှ ဂျက်ဖိုက်တာတစ်စီးသည် မောင်တောမြို့နယ်မြောက်ပိုင်း ပြားသားရွာကို နိုဝင်ဘာ ၂ ရက်နေ့ ညနေက နှစ်ကြိမ်တိုင်တိုင် ဗုံးလာကြဲခဲ့ရာတွင် ထိုသို့ အသေအပျောက် ဒဏ်ရာရရှိမှု ရှိခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီလေတပ်က ညနေ ၇ နာရီ ၁၃ မိနစ် ပထမအကြိမ် ဗုံးကြဲရာတွင် ရွာပြင်တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ဒုတိယအကြိမ် ညနေ ၇ နာရီ ၃၀ မိနစ် လာရောက်ဗုံးကြဲရာတွင် စစ်ဘေးရှောင်များ နေထိုင်သည့် ဘုန်းတော်ကြီးကျောင်းတွင် ကျရောက် ပေါက်ကွဲခဲ့သည်ဟု သိရသည်။

စစ်ကောင်စီလေတပ်သည် ရခိုင်ပြည်တွင် လူနေကျေးရွာများကို နေ့စဉ်လိုလို ဗုံးကြဲနေရာ အောက်တိုဘာ ၃၀ ရက်နေ့ကလည်း တောင်ကုတ်မြို့ တောင်ဘက် ၅ မိုင်ခန့်အကွာရှိ မောင်းကျေးရွာကို လေကြောင်းက တိုက်ခိုက်၍ အသက် ၁၄ နှစ်အရွယ် မိန်းခလေးငယ် ၂ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့သည်။

အလားတူ အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ပြားသား ကျေးရွာအနီးတွင် တည်ရှိသည့် ဖားဝပ်ချောင်းကျေးရွာတွင် ကထိန်ခင်းသည့် နေအိမ်အား ဗုံးကြဲ၍ ကထိန်ရှင်မနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ရသည်။

(Source and Photo: APM)

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.