နောင်မင်းသူ၊နိရဉ္စရာ၊နိုဝင်ဘာ ၄ / ၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကပ်ရပ်တည်ရှိသည့် မောင်တောမြို့အနီးရှိကျေးရွာများအား စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မူများလာနေသဖြင့် အဆိုပါကျေးရွာများတွင် ခိုလှုံနေသည့် ထောင်နှင့်ချီရှိသော စစ်ဘေးရှောင်များ ထပ်မံထွက်ပြေးနေရသည်ဟု သတင်းရရှိသည်။
စစ်ဘေးရှောင်တစ်ဦးက " ကျွန်တော်တို့ စစ်ဘေးရှောင်ပြီး ခိုလုံနေကြရတဲ့ ကျေးရွာတွေနဲ့ နခခ(၅)နဲ့ နီးတဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ နေစဉ်ရက်ဆက်ဗုံးကြဲနေတယ်။အလွန်အန္တရာယ်များလာနေတယ်။ လေကြောင်းအန္တရာယ်ကအလွန်ကြောက်နေကြရတယ်။ ဂျက်တိုက် လေယာဉ်သံကြားရရင် တစ်ညလုံးအိပ်မရနိုင်တော့ဘူး" ဟု စစ်ဘေးရှောင်မောင်တောဒေသခံတစ်ဦးကနိရဉ္စရာသတင်းဌာနကို ပြောသည်။
ထိုသို့ လူနေကျေးရွာများကို ဗုံးကြဲတိုက်ခိုက်သဖြင့် အောက်တိုဘာ ၁၆ ရက်နေ့က မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာတွင် ကလေးငယ် တစ်ဦးအပါ ၄ ဦး သေဆုံးခဲ့ရပြီး အောက်တိုဘာ ၂၁ ရက်နေ့က ဖားဝပ်ချောင်းကျေးရွာကို ဗုံးကြဲရာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ရသည်။ ယခုလ (နိုဝင်ဘာ) ၂ ရက်နေ့ကလည်း မောင်တောမြို့ မြောက်ဘက် (၅) မိုင် အကွာ ပြားသားကျေးရွာကို စစ်ကောင်စီက ဗုံးကြဲ၍ စစ်ဘေးရှောင် ၄ ဦး၊ စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ရသည်ဟု သိရသည်။
ထိုသို့အရပ်သားကျေးရွာများကို တမင်ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်နေသဖြင့် မောင်တောတောဒေသခံ ထောင်နှင့်ချီခိုလှုံလျက် ရှိနေသည့် ကျေးရွာများမှ စစ်ဘေးရှောင်များမှာ ဘေးလွတ်ရာသို့ဆက်လက် ထွက်ပြေးနေကြရကြောင်း ၎င်းတို့ကပြောဆိုသည်။
မောင်တောမြို့ပေါ်မှနယ်ကျေးရွာတစ်ခုသို့ စစ်ဘေးရှောင်သူ အမျိုးသမီးတစ်ဦးက "ကျေးရွာတိုင်းကို စစ်ကောင်စီက ဂျက်ဖိုင်တာနဲ့ ဗုံးကြဲနေတော့ မောင်တောနဲ့ နီးတဲ့ကျေးရွာတွေ မှာ ဘယ်သူမှမနေရဲကြတောဘူး။ အားလုံးဘေးလွတ်ရာကိုထွက်ပြေးနေကြရတယ်"ဟု ပြောဆိုသည်။
နိုဝင်ဘာလ ၂ ရက်နေ့ကလည်းစစ်ကောင်စီလေတပ်ဂျက်တိုက်လေယာဉ်များကမောင်တောမြို့အနီးရှိကျေးရွာ ၆ ရွာကိုဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ဒေသခံအမျိုးသားတစ်ဦးက “ဒီကျေးရွာတွေက မောင်တောမြို့ အနီးမှာ တည်ရှိတဲ့ ကျေးရွာတွေ ဖြစ်ကြပါတယ်။ သီဟိုလ်အေး၊မကျည်းကုန်း၊ငွေတောင်၊ရွှေတောင်၊ပြားသားကျေးရွာနဲ့ဇူလ ကျေးရွာတွေဖြစ်ကြပါတယ်။ ရခိုင်ရွာတွေရော၊ တိုင်းရင်းသားလူနည်းစုရွာတွေသာမက မွတ်ဆလင် ကျေးရွာတွေကိုလည်းဗုံးကြဲတိုက်ခိုက်ပါတယ်။ဇူလမွတ်ဆလင်ရွာအပါအဝင်ကျေးရွာအချို့မီးလောင်ခဲ့ရပါတယ်” ဟု ပြောသည်။
လွန်ခဲ့သည့် နိုဝင်ဘာ ၂ ရက် နေ့ မနက် ၈နာရီကျော် တွင်မောင်တောမြို့၃မိုင်၊၄မိုင်ရွာနှင့်ဆင်နှစ်ကောင်ဘုန်းတော်ကြီးကျောင်းအနီးတစ်ဝိုက်ကိုဗုံးကြဲခဲ့သလို လူနေထိုင်ခြင်းမရှိသည့်သီဟိုလ်အေးမြိုတိုင်းရင်းသားကျေးရွာနှင့် သက်လူမျိုးများနှင့်ရခိုင်လူမျိုးများ နေထိုင်သည့် မကျည်းကုန်း ကျေးရွာအား လည်းစစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့်ဗုံးကြဲချခဲ့သည်ဟုသိရသည်။
အဆိုပါ နိုဝင်ဘာလ ၂ ရက်နေ့ည ၆ နာရီ ၁၅ မိနစ်တွင်ရွှေတောင်၊ငွေတောင်ကျေးရွာ နှစ်ရွာကြားသို့ စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမူမရှိခဲ့ဟုဒေသခံများကပြောဆိုသည်။
အဆိုပါနေ့ ည ၇ နာရီ ၁၅ မိနစ်တွင်မောင်တောမြို့ နှင့် ၅ မိုင်အကွာ ပြားသားရွာအား ဗုံးကြဲတိုက်ခိုက်ရာတွင်အသက် ၆၀ ကျော်အရွယ် စစ်ဘေးရှောင် ၄ ဦး သေဆုံးခဲ့ကြရပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့က မောင်တောမြို့နယ် ၊ အောင်မင်္ဂလာကျေးရွာကို စစ်ကောင်စီက Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၄ ဦးဒဏ်ရာရရှိပြီး၊ ဘာသာရေးဆိုင်ရာအဆောက်အဦးများနှင့် နေအိမ်တစ်ဆောင်ပျက်စီးသွားခဲ့ရသည်။
ထိုအတူ အောက်တိုဘာလ ၂၁ ရက်နေ့ ၊ နံနက်အရုဏ် ၁ နာရီ ကျော်၌ စစ်ဘေးရှောင်တစ်ထောင်နှင့်ချီပြီး နေထိုင်နေကြ သည့် ဖားဝပ်ချောင်း ကျေးရွာအား စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးအမျိုးအစားဖြင့် လေကြောင်းမှ ဗုံးကြဲခဲ့တာကြောင်း မောင်တောမှကိုယ်ဝန်ဆောင် စစ်ရှောင်အမျိုးသမီး တစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ရပြီး၁၄ ဦးဒဏ်ရာရရှိသွားခဲ့ရသည်။
ထိုအတူပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့ ည နေ ၄ နာရီကျော်၌ မောင်တောမြို့နယ် တောင်ပိုင်း ခရေမြိုင်ရွာအား ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၂ ဦးသေပြီး ၆ ဦးဒဏ်ရာရရှိသွားခဲ့ရသည်။
မောင်တောနခခ(၅)တပ်ရင်းအား အာရက္ခတပ်တော်(AA) မှ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် အနီးအနားရှိစစ်ပွဲနှင့် မသက်ဆိုင်သည့် လူနေကျေးရွာများကို စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်များဖြင့် နေ့ နှင့် ညပါ နေစဉ်ရည်ရွယ်ချက်ရှိရှိ ရက်ဆက်ဗုံးကြဲနေခြင်းဖြစ်သည်ဟုဒေသခံများကပြောဆိုသည်။
ပုံစာ- မောင်တောမြို့နယ်က ထွက်ပြေးနေကြရသည့် ကျေးရွာသားများ (ပုံဟောင်းသာ/File Photo)