Preview

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ် သိဒ္ဓိတင်ပေးရန်အတွက်ဟုဆို

လူထက်နိုင် | နိုဝင်ဘာ ၀၆/ ၂၀၂၄ | ကြည့်ရှုသူ :2036
ရခိုင် သတင်း

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ နိုဝင်ဘာ ၅ / ၂၀၂၄

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်မှာ တရုတ်က သိဒ္ဓိတင်ပေးရန်အတွက်သာဖြစ်ပြီး မြန်မာနိုင်ငံအတွက် ကြီးကြီးမားမားအကျိုးသက်ရောက်မှုမရှိနိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောဆိုသည်။

“အခုကတော့ မင်းအောင်လှိုင်ကို ဗမာပြည်ရဲ့အဓိက ခေါင်းဆောင်အဖြစ် တရုတ်က သိဒ္ဓိတင်ပေးတဲ့ အစည်းအဝေးဖြစ်ပါတယ်။ ဒါပီးမှ ပီကင်းသွားခွင့်ရ မရဆိုတဲ့ အဆုံးအဖြတ်ကိစ္စ ပေါ်ပေါက်လာလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ ဒါကြောင့်မို့ ဒီအစည်းအဝေးဟာ မြန်မာပြည်ထဲမှာ ဖြစ်နေတဲ့ပြဿနာတွေအတွက် တိုက်ရိုက် ကြီးကြီးမားမား သက်ရောက်မှု တစုံတရာရှိမယ်လို့ကျွန်တော်တော့ မယူဆပါဘူး”ဟုပြောသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပမည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၅ ရက် နံနက် အစောပိုင်းတွင် နေပြည်တော်မှ ထွက်ခွာသွားခဲ့သည်။

အဆိုပါ တရုတ်ခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က နိရဉ္စရာက ဆက်သွယ်မေးမြန်းစဉ် ထိုသို့ ပြောကြားသွားခြင်းဖြစ်သည်။

“မင်းအောင်လှိုင်ကိုဖိတ်တာက တရုတ်ကမြန်မာပြည်အရေးနဲ့ပတ်သက်လို့ မင်းအောင်လှိုင်စစ်တပ် အပြိုကွဲမခံနိုင်ဘူး။ ဒါကြောင့် မင်းအောင်လှိုင်ကို တတ်နိုင်သလောက် နေရာပေး ဖို့စဉ်းစား လာတာပါ။ အဲ့ဒီ စဉ်းစားချက်ကို ပထမ စမ်းသပ်တဲ့အနေနဲ့ဒီနေ့ အစည်းအဝေးကို ဖိတ်လိုက်တာပါ။ အဲ့ဒါကြောင့် ကြီးကြီးမားမား သက်ရောက်မှုတော့ မရှိနိုင်ဘူး။ ဒါပေမယ့် နောက်ကွယ် ဆွေးနွေးပွဲတွေ အတွင်းမှာ မြန်မာပြည်အခြေအနေနဲ့ လျှို့ဝှက် ဆွေးနွေးကြတာတွေတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီဟာတွေကိုတော့ကျွန်တော်တို့ သိခွင့်ရမှာ မဟုတ်ပါဘူး” ဟုပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်သည့် အစည်းအဝေးသည် တရုတ်နိုင်ငံ ပီကင်းမြို့တွင် ကျင်းပသည့် အစည်းအဝေး မဟုတ်ဘဲ ယူနန်ပြည်နယ်တွင် ကျင်းပသည့်အစည်းအဝေးသာဖြစ်ပြီး တရုတ်လိုလားသည့် အင်အားစုများ အစည်းအဝေးသာ ဖြစ်သည်ဟုလည်း ဦးသန်းစိုးနိုင်က သုံးသပ် ပြောသည်။

“ ဒီဆွေးနွေးပွဲက ပီကင်းက ကျင်းပတာ မဟုတ်ဘဲနဲ့ ယူနန်ပြည်နယ်မှာကျင်းပနေတာ ဖြစ်ပါတယ်။ နောက်တစ်ခုက တရုတ်လိုလားတဲ့ အင်းအားစု တိုင်းပြည်တွေ ပါဝင်တာ ပေါ့ဗျာ။ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စတဲ့ အင်အားစုတွေက တရုတ်လိုလားတဲ့ အင်အားစုတွေ အချင်းချင်းမှာ မင်းအောင်လှိုင် ကိုလည်း ဖိတ်လိုက်သဘောပါ” ဟုပြောသည်။

အဋ္ဌမအကြိမ်မြောက်မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၆ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ရာ ယခု အစည်းအဝေးသည် အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်၏ ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်ဖြစ်သည်။

ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်အနေဖြင့် ထိပ်သီးအစည်းအဝေးများ တက်ရောက်ခြင်း တရုတ်နိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းများလည်း ပြုလုပ်သွားမည်ဟု သိရသည်။

စစ်ခေါင်းဆောင်သည် နေပြည်တော်မှ ထွက်ခွာ၍ ကူမင်းမြို့သို့ ရောက်ရှိပြီးနောက် တရုတ်နိုင်ငံသားလုပ်ငန်းရှင်များနှင့် တွေ့ဆုံနေကြောင်း သိရသည်။

အဋ္ဌမအကြိမ်မြောက်မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးအပြင် ၁၀ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး 10 Ayeyawady-Chao Phraya – Mekong Economic Cooperation Strategy (ACMECS) Summit၊ ၁၁ ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-ဗီယက် နမ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး 11 Cambodia-Lao PDR- Myanmar-Vietnam (CLMV) Summit တို့လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ မဲခေါင်ဒေသခွဲ၌ ပါဝင်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများအပြင် အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌလည်း တက်ရောက်မည် ဖြစ်သလို သဘာပတိအဖြစ် ဆောင်ရွက်မည့် တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီချန်းလည်း တက်ရောက်မည်ဟု သိရသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပထမဆုံးအကြိမ် တရုတ်ခရီးစဉ်တွင် ထူးခြားချက်တချို့ ရှိနေပြီး နိုင်ငံရေးအရအကျိုးအမြတ်များအပြင် စိန်ခေါ်မှုများလည်း ရှိနေကြောင်း လေ့လာသူများကသုံးသပ်ကြသည်။ ( Photo by Thet Htwe Naing post)

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.