Preview

တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့တွင် ဆန်တစ်အိတ်ကို ကျပ်သုံးသိန်းအထိဈေးနှုန်းမြင့်တက်သွားပြီး ဝယ်မစားနိုင်၍ ဆန်ပြုတ်ကျိုသောက်နေရ

သဉ္ဇာနွယ် | နိုဝင်ဘာ ၀၈/ ၂၀၂၄ | ကြည့်ရှုသူ :837
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ နိုဝင်ဘာ ၇/၂၀၂၄

တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည့် အမ်းမြို့တွင် ဆန်တစ်အိတ်ကို ငွေကျပ် သုံးသိန်းအထိ ဈေးမြင့်တက်သွားသဖြင့် ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များမှာ ဝယ်မစားနိုင်ဖြစ်နေ၍ ဆန်ပြုတ်ကို ကျိုသောက်နေရသည့် အနေအထားသို့ ရောက်ရှိနေဟု သတင်းရရှိသည်။

အမ်းမြို့တွင် ပြီးခဲ့သည့်အောက်တိုဘာလအစောပိုင်းအထိ အများစားသုံးနိုင်သည့် ဆန်တစ်အိတ်ကို ငွေကျပ်ကိုးသောင်းနှင့် တစ်သိန်းကျော်သာရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၂၇၀၀၀၀ မှ ကျပ်သုံးသိန်းအထိ ဈေးတင်ရောင်းချနေကြောင်း မြို့ခံများက ပြောသည်။

ဆန်ရှားပါးနေချိန်တွင် ဆန်ဈေးနှုန်းမှာ ယခင်ဈေးထက် သုံးဆခန့်မြင့်တက်သွားသဖြင့် ဝယ်မစားနိုင် ဖြစ်နေ၍ ဆန်ပြုတ်ကျိုသောက်သူ များလာသည်ဟု အမ်းမြို့နယ်မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ဆန်က အခုထုတ်ရောင်းနေကြတယ်။ ဈေးတွေက ကမ်းကုန်အောင်တက်တယ်။ တစ်ပြည်ကို ၁၂၅၀၀။ မြို့ခံတွေရော၊ နယ်ကစစ်ရှောင်လာတဲ့သူတွေရော ဒုက္ခရောက်တာတော့ အတူတူပါပဲ။ စစ်ရှောင်ဖြစ်တဲ့ကျမတို့က ထွက်ပြေးလာကတည်းက စားနပ်ရိက္ခာတွေရော၊ အဝတ်တွေရော အများကြီးမပါလာဘူး။ အကူအညီပေးမယ့်သူလည်း တစ်ယောက်မှမရှိကြဘူး။ ငတ်လို့ ဆန်ပြုတ် ကျိုသောက်တဲ့သူများလာပြီ"  ဟုပြောသည်။

ဆန်များကို စစ်တပ်နှင့်နီးစပ်သူများက ထုတ်ရောင်းချပေးနေခြင်းဖြစ်ပြီး တချို့ ရောင်းချသူများမှာ တစ်အိတ်ဝယ်မှသာ ရောင်းချပေးမည်ဟု ပြောသဖြင့် စာနာမှုကင်းမဲ့ကြသည်ဟု မြို့ခံတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

"မြို့သူမြို့သားတွေက တစ်ခုခုဆို ဈေးတင်ပြီးရောင်းကြတယ်။ ဒုက္ခရောက်နေတာချင်း အတူတူ ဖေးမကူညီမှုမရှိဘူး။ အခုလည်း ဆန်တွေကို စစ်တပ်နဲ့နီးစပ်သူတွေက လုပ်စားနေတာ။ အိတ်လိုက်ဝယ်မှ  ရောင်းမယ်ဆိုတော့ တကယ်မရှိတဲ့သူတွေငတ်ပြီပေါ့" ဟုပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့တွင် အောက်တိုဘာလ လလယ်မှစတင်ကာ အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။

ယင်းနောက် ကုန်းလမ်းနှင့်ရေလမ်းများ ပိတ်သွားသည့်အတွက် ကုန်စည်စီးဆင်းမှုများရပ်ဆိုင်းကာ ဆန်ရိက္ခာများရှားပါးပြတ်လပ်ကာ စျေးနှုန်းများ အဆမတန်မြင့်တက်လာနေခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

အမ်းမြို့ပေါ်တွင် ပိတ်မိနေသည့် မြို့ခံများနှင့်အတူ စစ်ကောင်စီတပ်က မြို့နယ်တွင်းရှိ ဆင်ဒိုးရွာ၊ ဒိုင်ကြီး၊ ပဲပဒုံ၊ ကျောက်စကွဲနှင့် မီးကျောင်းချောင်းစသည့် ကျေးရွာများအပါအဝင် ကျေးရွာ အများအပြားမှ ရွာသားများကို ရွာထဲမှ အတင်းနှင်ထုတ်ပြီး အမ်းမြို့ပေါ်သို့ စစ်ဘေးရှောင်ခိုင်းခံရသည့် ဒေသခံများလည်း ရှိသည်။

အမ်းမြို့ပေါ်တွင် ပိတ်မိနေသည့်မြို့ခံများနှင့် စစ်ဘေးရှောင်စုစုပေါင်းလူဦးရေ သောင်းနှင့်ချီ ရှိသည်ဟုလည်း သိရသည်။ (ဓာတ်ပုံ- အမ်းပြည်သူများ/ပုံဟောင်းသာ)

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.