သဥ္ဇာနွယ်၊ နိရဥ္စရာ၊ နိုဝင်ဘာ ၉/ ၂၀၂၄
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့တိုက်ပွဲမှာ မြို့ပေါ်နေရာအချို့တွင် ပြင်းထန်စွာဖြစ်ပွားလာနေသဖြင့် မြို့ပေါ်တွင်ကျန်ရှိနေသည့် ပြည်သူများ၊ စစ်ဘေးရှောင်များမှာ ခြေဦးတည့်ရာ ထွက်ပြေးနေကြသည်ဟု သတင်းရရှိသည်။
အမ်းမြို့ခံအမျိုးသမီးတစ်ဦးက “မြို့ပေါ်နဲ့တော်တော်လေးကိုနီးနီးကပ်ကပ်ဖြစ်နေတာ။ ကျမတို့ဆောက်တည်ရာမရတော့ဘူး။ မြို့ခံတွေလည်း ဘယ်ပြေးရမှန်းမသိ။ ခြေဦးတည့်ရာပြေးနေကြရတယ်” ဟုနိရဉ္စရာသတင်းဌာန ကို ပြောသည်။
အမ်းမြို့မြို့ဟောင်းနှင့်နီးသည့် လေယာဥ်ကွင်းရပ်ကွက်နှင့် မြို့သစ်တို့ဖက်မှပစ်ခတ် တိုက်ခိုက်သံများကြားနေရပြီး လက်နက်သံများအလွန်နီးကပ်လာသည့်အတွက် အသက်အန္တရာယ်စိုးရိမ်နေရသည်ဟုဆိုသည်။
“ စစ်တပ်က အမ်းမြို့ပတ်ပတ်လည်မှာ ရှိနေတဲ့ ကျေးရွာတွေကို ဗုံးကြဲချနေတယ်။အခု လေယာဉ်တွေလာနေတယ်။ အသံတွေအကျယ်ကြီးဘဲ။ ဗုံးသံလက်နက်သံတွေ ဆက်တိုက်ကြားနေရတယ်။ အခု မြို့ခံတွေဆောက်တည်ရာမရဖြစ်နေကြပြီ။ဘယ်နေရာမှန်းမသိ ထွက်ပြေးနေကြရတယ်” ဟု သူမက ဆက်ပြောသည်။
blob
ယခင်ရက်များကမြို့ဟောင်းနှင့် မြို့သစ်ရပ်ကွက်ကိုသွားသည့် လမ်းမကြီးကိုစစ်ကောင်စီတပ်က ဖွင့်ပေးထားသော်လည်းမြို့ပေါ်အထိတိုက်ပွဲဖြစ်ပွားလာသဖြင့် ယနေ့ နိုဝင်ဘာ ၉ ရက်နေ့ နံနက်အစောပိုင်းမှစ၍ပိတ်လိုက်ပြီဟု မြို့ခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
“ မြို့ဟောင်းကလူတွေ မြို့သစ်ကိုပြေး၊ မြို့သစ်ကလူတွေ မြို့ဟောင်းကိုအဲလိုပြေးနေကြရတာ။ လေယာဥ်ကွင်းဖက်ကို ဒိုင်ကြီး၊ ဒိုင်ကလေးရွာဖက်ကလက်နက်ကြီးငယ်တွေနဲ့လှမ်းပစ်နေတယ်။ မြို့ခံတွေလည်း ဆောက်တည်ရာမရတော့ဘူး။ ရှိတဲ့ လမ်းတစ်လမ်းကိုလည်း ပိတ်လိုက်ပြီ။အကုန် အခက်အခဲတွေ့နေပြီ” ဟု ပြောသည်။
အမ်းမြို့ပေါ်တွင်စစ်ဘေးရှောင်အပါအဝင် မြို့ခံများအပါအဝင်စစ်ဘေးရှောင်ထောင်နှင့်ချီရှိပြီးစားနပ်ရိက္ခာပြတ်တောက်မှု၊ လမ်းပိတ်ဆို့ခံရမှု၊ တိုက်ပွဲကြားတွင်ပိတ်မိနေမှုတို့ကြောင့်အလွန်စိုးရိမ်စရာဖြစ်နေသည်ဟုမြို့ခံများက ပြောသည်။
လက်ရှိတွင်အမ်းမြို့ရှိ စစ်ကောင်စီ၏ စစ်တပ် တစ်စခန်း ၇၅ ရာနှုန်းကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်ထားနိုင်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အပါအဝင် လက်ကျန်တပ်စခန်းများနှင့် ဌာနချုပ်ကိုတိုက်ခိုက်နေဆဲဖြစ်၍ တိုက်ပွဲမှာ ပြင်းထန်နေကြောင်း သိရသည်။
ယင်းအပြင် အမ်းမြို့တွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ပဲပဒုံဂိတ်ကိုလည်း နိုဝင်ဘာ ၇ ရက်နေ့က AA သိမ်းပိုက်ထားပြီဖြစ်ပြီး လေးဘက်လေးတန်ကနေ AA က တိုက်ခိုက် နေသည်ဟု ဆိုသည်။
စစ်ကောင်စီမှလက်နက်အင်အား၊ ပြည်သူ့စစ်များဖြင့် အပါအဝင်စစ်သည်အင်အားအများအပြား ဖြည့်တင်းကာလေကြောင်းစစ်ကူများဖြင့် ခုခံတိုက်ခိုက်နေသော်လည်းအကျအဆုံးများနေပြီးစစ်ကောင်စီတပ်သား ရာနှင့်ချီပြီး စစ်မြေပြင်ကို စွန့်ခွာ ထွက်ပြေးနေကြသည်ဟု သိရသည်။
ပုံစာ-မောင်တောမြို့ထဲမှ မထွက်ခွာနိုင်ဘဲ ကျန်ရှိနေသည့်သက်ကြီးရွယ်အိုများအပါအဝင်မိသားစုများအားကယ်ထုတ်နေစဉ် (မှတ်တမ်းဓာတ်ပုံ/ ပုံဟောင်း)