(အမျိုးသမီးနှစ်ဦးသေ၊ ဆရာတော်တစ်ပါးနှင့် စစ်ဘေးရှောင်လေးဦး ဒဏ်ရာရ)
နောင်မင်းသူ၊ နိရဉ္စရာ၊ နိုဝင်ဘာ ၁၀ / ၂၀၂၄
ရခိုင်ပြည်၊ သံတွဲနှင့်ဘူးသီးတောင်မြို့ကို စစ်ကောင်စီလေတပ်က ယနေ့တစ်ရက်တည်းတွင် ဗုံးကြဲခဲ့၍ အမျိုးသမီးနှစ်ဦးသေပြီး ဆရာတော်တစ်ပါးနှင့် စစ်ဘေးရှောင်လေးဦးဒဏ်ရာရသွားခဲ့ရကြောင်း သိရသည်။
ဗုံးကြဲခံရမှုကြောင့်သေဆုံးသွားသူများမှာ သံတွဲမြို့၊ အံတော်တံတားအနီးရှိ စားသောက်ဆိုင်တစ်ခုမှဆိုင်ပိုင်ရှင် ဒေါ်စုစုလှိုင်(၃၄)နှစ်နှင့် မဝိုင်းစိန်မတို့ဖြစ်သည်။
ဒဏ်ရာရသွားသူများမှာ ဘူးသီးတောင်မြို့၊ မြစိမ်းရောင်ဘုန်းတော်ကြီးကျောင်းမှဆရာတော်အရှင်ဦးဇဝန သက်တော် (၆၂) နှစ်၊ ယင်းကျောင်းမှစစ်ဘေးရှောင်များဖြစ်ကြသည့် ဟိန္ဒူလူမျိုး ဦးဖော်တီ (၄၅) နှစ်၊ သားဖြစ်သူမောင်မိုးခန့် (၁၁) နှစ်တို့ဖြစ်ကြသည်။
ထို့အတူ ဘူးသီးတောင်မြို့၊အမှတ်(၂)ရပ်ကွက်ရှိ လမ်းမဘုန်းတော်ကြီးကျောင်းမှ စစ်ဘေးရှောင် ဒေါ်ချစ်စုမ (၄၂) နှစ်နှင့် ဦးကိုအောင်သူ (၃၁) နှစ်တို့လည်း ဒဏ်ရာရရှိသွားခဲ့ကြသည်။
သံတွဲမြို့ကို စစ်ကောင်စီလေတပ်က ယနေ့နိုဝင်ဘာ ၁၀ ရက်၊ အရုဏ်၃ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီးက ဗုံးကြဲချတိုက်ခိုက်ခဲ့၍ အံတော်တံတားနားက ဒေါ်အေးကျော့စိန်စားသောက်ဆိုင်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
ဆိုင်ပိုင်ရှင် ဒေါ်စုစုလှိုင်နှင့် ဆိုင်အနီးအိပ်နေသည့် မဝိုင်းစိန်မတို့ ဗုံးစထိမှန်ကာ နေရာတွင်ပွဲချင်းသေဆုံးသွားကြောင်း သိရသည်။
အလားတူ စစ်ကောင်စီသည် သံတွဲမြို့၊အမှတ် ၈ ရက်ကွက်ရှိ TMP စက်ရုံကိုလည်း ဗုံးသီးနှစ်လုံး ကြဲချခဲ့၍စက်ရုံတစ်ခုလုံး ပြိုပျက်သွားခဲ့သည်ဟု သိရသည်။
ယင်းအပြင် ယနေ့အရုဏ်၂ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီက ဂျက်တိုက်လေယာဥ်တစ်စီးဖြင့်ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက်ရှိ စစ်ဘေးရှောင်များခိုလှုံနေထိုင်နေကြသည့် မြစိမ်းရောင်ဘုန်းတော်ကြီးကျောင်းနှင့် အမှတ် (၂) ရပ်ကွက်ရှိ လမ်းမဘုန်းတော်ကြီးကျောင်းများအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ဆရာတော်တစ်ပါးနှင့် စစ်ဘေးရှောင်လေးဦး ဒဏ်ရာရသွားခဲ့သည်ဟုဒေသခံလူကြီးတစ်ဦးက ပြောသည်။
"ဘူးသီးတောင်မြို့ပေါ်ကိုစစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ ပထမဆုံးအကြိမ်လို့ ပြောလို့ရပါတယ်။ AA က ဘူးသီးတောင်မြို့ကို သိမ်းပိုက်ကတည်းက လေကြောင်းတိုက်ခိုက်မှုမရှိခဲ့ပါဘူး။ထွက်ပြေးနေခဲ့ကြရတဲ့ စစ်ဘေးရှောင်တွေ ဘူးသီးတောင်မြို့ပေါ်ကဘုန်းကြီးကျောင်းတွေကို ပြန်လာကြတာကို သတင်းပေးတဲ့သူတွေရှိနေလို့ အခုလိုစစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲလာတာဖြစ်တယ်"ဟု ပြောသည်။
ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့်မတ်လ ၂၅ ရက်မှစတင်တိုက်ခိုက်ခဲ့ရာ မေလ ၁၈ ရက်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။
လက်ရှိတွင် ဗုံးကြဲခံရမှုကြောင့် ဒဏ်ရာရရှိသွားသူများသည် အရေးပေါ်ဆေးကုသမှုခံယူနေရပြီး ယင်းအနက်ဆရာတော်တစ်ပါးအဝင် ဟိန္ဒူသားဖနှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။
ဗုံးကြဲခံရမှုကြောင့် မြစိမ်းရောင်ကျောင်းနှင့် လမ်းမကျောင်းရှိ ဓမ္မာရုံတို့မှာလည်းပျက်စီးသွားခဲ့ကြရ ကြောင်း သိရသည်။
ဒေသခံစစ်ဘေးရှောင်တစ်ဦးက "ဘူးသီးတောင်မြို့ကစစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံမွတ်ဆလင်တွေ မီးရှို့ခဲ့ကြလို့ပြာပုံဖြစ်နေတာပါ။ အဝေးမှာ စစ်ဘေးရှောင်ပြီး ပြန်လာကြသူတွေလည်းနေအိမ်တွေမရှိတော့ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးခိုလှုံနေကြရတာ။ ဒါကိုတမင်သက်သက်ရွေးချယ်ပြီး သတင်းပေးတွေကြောင့် စစ်ကောင်စီက ဗုံးလာကြဲတာ"ဟုပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီသည် ရခိုင်စစ်ဘေးရှောင်များစစ် ဘေးခိုလှုံသည့်နေရာများအား ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်လာနေ၍ စစ်ဘေးရှောင်ပြည်သူများမှာ တစ်နေရာမှ တစ်နေရာသို့ရွှေ့ပြောင်းကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
ပုံစာ- ပြည်သူများအား ဗုံကြဲသတ်ဖြတ်နေသည့် စစ်လေယာဉ်တစ်စီးကို မြန်မာစစ်ခေါင်းဆောင် စစ်ဆေးနေစဉ် (ပုံဟောင်းသာ)