ကံ့ကော်နီနီ၊ နိရဥ္စရာ ၊ နိုဝင်ဘာ ၁၁ / ၂၀၂၄
ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင်း တိုက်ပွဲများပိုမိုပြင်းထန်လာနေပြီးအထိခိုက်အကျဆုံးများနေသည့် မြို့မြောက်ဘက်စစ်မျက်နှာရှိစစ်ကောင်စီတပ်များသည် တပ်ဆုတ်ခုခံရာမှ တိုက်ပွဲသည်မြို့လယ်ခေါင်အထိရောက်ရှိလာကြောင်း မြို့ခံများထံမှ သိရှိရသည်။
တောင်ကုတ်မြို့မြောက်ဘက်ကိုင်းရှည်တံတားရင်းရှိ ကိုင်းရှည်ရပ်ကွက်၊ ဒုံကျေးရွာများတွင်အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၇ ရက်၊ ညပိုင်းမှစတင်ကာရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကအထိအခိုက်အကျဆုံးများကြောင်း မြို့ခံများနှင့် စစ်ရေးသတင်းရင်းမြစ်တို့ကပြောသည်။
ထိုသို့အထိအခိုက်အကျဆုံးများသော စစ်ကောင်စီတပ်များသည် ကိုင်းရှည်တံတားကာကင်းကိုစွန့်ခွာကာ မြို့ဘက်ကမ်း စိုက်ပျိုးရေးရုံး၊ စည်ပင်သာယာရုံး၊ မူလတန်းကျောင်းနှင့် လူနေအဆောက်အဦများတွင် တပ်စွဲထားကြောင်း မြို့ခံတစ်ဦးက ပြောသည်။
"ဒီရက်ပိုင်းမှာပဲ ကိုင်းရှည်တံတား စစ်သားတွေ မြို့ဘက်ခြမ်းကိုတပ်ဆုတ်လာကြပြီ။ အခု မြို့ဘက်ကမ်းက စိုက်ပျိုးရေးရုံးတွေ၊ လူနေအဆောက်အဦတွေမှာ နေရာယူထားကြတယ်" ဟု ပြောသည်။
တောင်ကုတ်မြို့ဘက်ကမ်းသို့ချိတ်ဆက်ထားသည့် ကိုင်းရှည်တံတားကိုလည်း စစ်ကောင်စီကဖောက်ခွဲရေးမိုင်းများ ယခင်ကပင် ထောင်ထားကြောင်း မျက်မြင်မြို့ခံများကပြောသည်။
"ကိုင်းရှည်တံတားကိုလည်းမိုင်းတွေထောင်ထားတယ်။ စစ်တပ်ကတော့ အဲဒီတံတားကနေ တပ်ဆုတ်သွားပြီ။တပ်တော်ဘက်က မြို့ဘက်ကမ်းကိုထိုးစစ်ဆင်လာရင် စစ်တပ်ကမိုင်းခွဲပြီးချိုးမယ့်ပုံမျိုး" ဟုနောက်ထပ်မြို့ခံတစ်ဦးက ပြောသည်။
AA သည် တောင်ကုတ်မြို့ကို အရပ်လေးမျက်နှာပိတ်ဆို့ပြီး စကခ(၅)ဌာနချုပ်နှင့်တပ်ရင်းများကို အမြန်ဆုံးသိမ်းပိုက်နိုင်ရေးအတွက်ဗျူဟာကျကျဖြင့် ပြည်သူ လူထုအထိခိုက်အနည်းဆုံးဖြစ်အောင် တိုက်ခိုက်နေသည်ကိုတွေ့ရကြောင်း စစ်ရေးအခြေအနေစောင့်ကြည့်နေသည့် မြို့ခံသတင်းရင်းမြစ်ကပြောသည်။
"တောင်ကုတ်စစ်ကစားတဲ့ပုံက အချိန်တိုအတွင်းမြို့ကို သိမ်းပိုက်နိုင်အောင် မီးကုန်ယမ်းကုန်လုပ်နေတဲ့ပုံပဲ။ ဒါပေမယ့် ပြည်သူတွေအထိခိုက်နည်းအောင်
တပ်တော်ဘက်ကရွှေ့ပြောင်းခိုင်းတာတွေကိုလည်းလုပ်နေတာတွေ့ရတယ်" ဟု ပြောသည်။
AA သည် မြို့တောင်ဘက်တွင်ရှိသည့် အရေးပါဆုံး စကခ(၅) နှင့် လက်အောက်ခံခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ(၃၄၆)နှင့် ခမရ(၅၄၄)တို့ကိုလည်း နိုဝင်ဘာ ၉ ရက်မှစတင်ပြီး အနီးကပ်ဆုံး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသည်။
ယမန်နေ့နိုဝင်ဘာလ၁၀ ရက်တစ်နေ့လုံး အဆိုပါတပ်ရင်းများအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီက တိုက်ပွဲနေရာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမပြတ်လုပ်နေကြောင်း မြို့ခံများက ပြောသည်။
ဓာတ်ပုံ - ပုံဟောင်း