နိရဉ္စရာ၊ နိုဝင်ဘာ ၁၅/၂၀၂၄
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ် ကမ်းသာယာအနီး ရွှေဥကွင်းကျေးရွာတွင် အာရက္ခတပ်တော် ( AA)နှင့် စစ်ကောင်စီတပ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
တိုက်ပွဲကြားက စစ်ရှောင်နေရသူ ဒေသခံတစ်ဦးက “ ရွှေဦးကွင်း ကျေးရွာထိပ်တံတားမှာတိုက်ပွဲအပြင်းအထန် ဖြစ်တယ်။ ဘာလီချောင်ကျေးရွာဖက်မှတက်လာတဲ့ စကစ တပ်တွေနဲ့ အာရက္ခတပ်တော်တို့ မနေ့က ၁၄ ရက်နေ့ မနက်မှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ စကစဘက်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတယ်။ ရွှေဦးကွင်းကျေးရွာ အစုလေးရပ်ကွက်(အရပ်ခေါ်)အစုလေးပိုင်းနဲ့ရွှေဦးကွင်းကျေးရွာ အထက စာသင်ကျောင်းသို့ကျရောက်ခဲ့တယ်။ ဒေသခံ ၃ဦး သေဆုံးခဲ့ရတယ်လို့ ကြားရပါတယ်။အဲဒီ ၃ ဦး နာမည် အတည်ပြုဖို့ဆက်သွယ်နေဆဲဖြစ်ပါတယ်”ဟု ပြောသည်။
ရွှေဦးကွင်းကျေးရွာသည် အိမ်ခြေ ၃၀၀ နှင့် ၄၀၀ အကြား တည်ရှိသော ကျေးရွာကြီး တစ်ရွာဖြစ်ပြီး လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ဆပ်သွားရွာ၏ အရှေ့တောင်ဘက် ခပ်ယွန်းယွန်းတွင် တည်ရှိကာ ၎င်းရွာသို့ ဆပ်သွားနှင့် ကမ်းသာယာကြား ကားလမ်းမမှ အရှေ့ဘက်သို့ ဝင်ရသည်ဟု သိရသည်။
“လက်ရှိ ရွှေဥကွင်းက လွတ်မြောက်နယ်မြေဖြစ်သွားပါပြီ။ အေအေက ရွှေဥကွင်းကို သိမ်းလိုက်ပြီ။ စစ်တပ်က နောက်ဆုတ်သွားတယ်” ဟု ၎င်းက ပြောကြားသည်။
တစ်ခြားသတင်းရင်းမြစ်တစ်ခု ရွှေဥကွင်းတွင် နိုဝင်ဘာ ၁၄ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သော တိုက်ပွဲသည် ရွှေဥကွင်း စာသင်ကျောင်းအနီးတွင် ဖြစ်ပွားခဲ့ကာ နံနက် ၁၁ နာရီတွင် ပြီးဆုံးသွားပြီး စစ်ကောင်စီတပ်က အကျအဆုံးများဖြင့် ဆုတ်ခွာသွားခဲ့သည်ဟု ဆိုသည်။
လက်ရှိ ဆပ်သွားရွာတွင် ဖြစ်ပွားနေသော တိုက်ပွဲတွင် စစ်ကောင်စီတပ်သည် ဆပ်သွားတံတားကို မိုင်းခွဲဖျက်ဆီးပြီးနောက် ဆပ်သွားရွာ အလယ်ပိုင်းနှင့်အလယ်ရွာ၊ ပိန္နဲကုန်း၊ ဇီးကုန်းဘက်သို့ ဆုတ်ခွာနေသည်ဟု ဒေသခံများက ပြောသည်။
ဆပ်သွားဒေသခံတစ်ဦးက” ဒီစစ်တပ်က အေအေကို ပြန်ခုခံတိုက်ခိုက်ဖို့ထက် တံတားကို ချိုးဖို့ဘဲ စိတ်ဝင်စားတယ်။ လူနေအိမ်တွေကို ဖောက်ဖို့ဘဲ စိတ်ဝင်စားတာ။ တံတားမှာ မိုင်းဆင်ပြီး အေအေတွေ လာရင် မိုင်းခွဲဖို့ဘဲ သူတို့ အာရုံရနေကြတာ။ ဘယ်လို ဘယ်လို အေအေကို တိုက်လို့ နိုင်မှာလဲ။အခု တိုက်ပွဲ ကမ်းသာယာနီးလာပြီ။ မကြာခင် ဂွကို ရောက်မယ်”ဟု စစ်ကောင်စီတပ်လုပ်ရပ်ကို ကြည့်ပြီး သုံးသပ် ဝေဖန်ပြောဆိုသည်။
လက်ရှိတွင် ဂွအခြေစိုက် ခမရ (၅၆၃) က အမြောက်များဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် ကမ်းသာယာဘက်သို့ လှမ်းပစ်နေရသည့် အခြေအနေဖြစ်ပြီး ဆပ်သွားကျေးရွာ၊ အလယ်ရွာတွင် ရှိနေသည့် စစ်တပ် ကြားညှပ်တိုက်ခိုက်ခံရနိုင်သည့် အနေအထားရှိနေသည်ဟု စစ်ရေးလေ့လာနေသူ တစ်ဦးက ပြောသည်။
“အခု တိုက်ပွဲဖြစ်တဲ့ ရွှေဥကွင်းနားက ဘာလီချောင်ရွာကလည်း စစ်တပ်ဆုတ်သွားတယ်လို့ ကြားတယ်။ ဒီဘာလီချောင်ကလည်း ကားလမ်းအရှေ့ဘက် ရိုးအောက်မှာရှိတဲ့ရွာ။ ဘာလီချောင်အနီးက ကင်းပုံရွာ၊ ကင်းပုံရွာက ကမ်းသာယာနဲ့ဆို တံတားတစ်ခုဘဲခြားတာ။ တိုက်ပွဲက ကမ်းသာယာထိ ရောက်လာနိုင်တယ်။ ဒေသခံတွေက အကုန် စစ်ရှောင်သွားပြီ” ဟု ပြောဆိုသည်။
စစ်ကောင်စီသည် ဂွမြို့နယ်အတွင်း AAနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း လေတပ်ကိုသာမက ရေတပ်ကိုပါ အားဖြည့်ပြီး အပြင်းအထန် တိုက်ခိုက်သော်လည်း မြေပြင်တွင် စစ်ကောင်စီတပ်သည် အကျအဆုံးများဖြင့် ဂွမြို့ဘက်သို့ ဆုတ်ခွာနေရသည်ဟု သိရှိရသည်။