သဉ္စာနွယ်၊ နိုဝင်ဘာ၂၂/၂၀၂၄
တိုက်ပွဲတစ်စုံတစ်ရာမရှိသော ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်မှ ချင်းအမျိုးသား ကျေးရွာတစ်ခုကိုနိုဝင်ဘာ ၁၉ ရက်နေ့ကစစ်ကောင်စီလေတပ်မှဂျက်လေယာဉ်ဖြင့် ဗုံးလာကြဲ၍ အသက် ၁၀နှစ်ကျော်အရွယ် မိန်းကလေး နှစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူမှာ တောင်ကုတ်မြို့နယ်၊သင်္ချီကိုင်းကျေးရွာမှ မပပအေးခင်( ၁၃) နှစ်၊မဒေစီမြင့်( ၁၄ )နှစ်၊ မရွှေရီဝင်းဝါ(၂၅) နှစ်နှင့် ကိုရင်ကို(၂၈) နှစ်တို့ဖြစ်ကြသည်။
ဒဏ်ရာရရှိသူများမှာအဆိုပါရွာမှ ၊ မနီလာထွေး(၂၅နှစ်)၊ ဦးဘချစ်(၇၆ )နှစ် ဦးဇင်ကိုဦး(၃၃ နှစ်)နှင့်ဦးတင်အေး (၇၃ နှစ်)တို့ဖြစ်သည်။
တောင်ကုတ်ဒေသခံအမျိုးသမီးတစ်ဦးက" အဲဒီနေ့မနက်ပိုင်းပေါ့။ ၁၀ နာရီလောက်မှာ တိုက်ပွဲမရှိဘဲ ဗုံးတလုံးလာချသွားတာ။ပြီးတော့စစ်ကောင်စီကအခုနောက်ပိုင်းမှာ Y-12 လေယာဉ်နဲ့ ဂျက်ဖိုက်တာတို့သုံးပြီးနေရာအနှံ့ဗုံးလိုက်ကြဲနေတာပါ။ အဲဒီနေ့က ဗုံးကျလို့ ရွာကလူ၄ ယောက်သေတယ်"ဟုပြောသည်။
စစ်ကောင်စီသည်ဒေသခံပြည်သူများနေထိုင်သည့် နေအိမ်များ၊ စာသင်ကျောင်းနှင့်သာ့သနာအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိဗုံးကြဲတိုက်ခိုက်နေသည်ဟု တောင်ကုတ်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
" သူတို့က အဆောက်အဦးအကြီးတွေ၊ စာသင်ကျောင်းတွေ၊ဘုန်းကြီးကျောင်းတွေကိုရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတယ်။ သူတို့က စစ်ရေးအရရှုံးနိမ့်ပြီဆိုရင် ပြည်သူတွေကိုအဓိကပစ်မှတ်ထားပြီး တိုက်ခိုက်တယ်လို့ယူဆတယ်" ဟုပြောသည်။
တောင်ကုတ်တွင်ယခု နိုဝင်ဘာ ဒုတိယအပတ်မှစစ၍ စစ်ကောင်စီ၏ လေကြောင်းနှင့် အမြောက်တပ်မှလက်နက်ပစ်ခတ်၍ကံပိုင်ရပ်ကွက်၊ သံတွဲလမ်းဆုံ ရွှေတောင်ရေခဲစက်အနီးမှအိမ်ခြေ (၁၀)ခန့်၊သိမ်တောင်မူကြိုကျောင်းမီးလောင်ပြီး ကမ္ဘောဇဘဏ်၊ကံပိုင်ဘုန်းကြီးကျောင်း၊ ကမ်းဒေးကျေးရွာရှိ စာသင်ကျောင်း၊ဂူတာရပ်ကွက်၊သိမ် တောင်ရပ်ကွက် တို့တွင်လည်းလက်နက်ကြီးကျည်ကျ၍ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းသိရသည်။
ယခုရက်ပိုင်းအတွင်းတွင်းစစ်ကောင်စီ၏ လက်နက်ကြောင့်တောင်ကုတ်ဒေသခံ ပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကြောင်း နိရဉ္စရာမှ စုံစမ်းသိရှိရသည်။
ရခိုင်တိုက်ပွဲတစ်နှစ်တာကာလအတွင်း စစ်ကောင်စီနှင့် အပေါင်းအပါအဖွဲ့အစည်းတချို့ကြောင့် ပြည်သူ ၇၀၀ ကျော်အထိသေဆုံးခဲ့ရကြောင်း HDCOကထုတ်ပြန်ထားသည်။
Photo_ Arakan princess media