Preview

ဆေးဝါးပြတ်လပ်၍ ရခိုင်က လေးမြို့ချောင်းဒေသမှ ကျေးရွာ ၂၀ထက် မနည်းတွင် ငှက်ဖျားဖြစ်ပွားနေပြီး သေဆုံးသူ ၁၀ဦးခန့်ရှိနေ

သဉ္ဇာနွယ် | နိုဝင်ဘာ ၂၃/ ၂၀၂၄ | ကြည့်ရှုသူ :711
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ နိုဝင်ဘာ ၂၃/၂၀၂၄

ရခိုင်ပြည်၊မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ် စပ်ကြား လေးမြို့ချောင်းဒေသမှကျေးရွာ ၂၀ ထက်မနည်းတွင် ငှက်ဖျားဖြစ်ပွားပြီးဆေးဝါးမလုံလောက်၍ သေဆုံးသူ၁၀ ဦးခန့်ထိ ရှိနေကြောင်း သတင်းရရှိသည်။

ကျေးရွာပေါင်း ၂၀ ကျော်အထဲမှ၅ ရွာခန့်တွင် ငှက်ဖျားဖြစ်ပွားသူများနေပြီး အချိန်မီဆေးကူသမှုမခံယူခြင်း၊ ငှက်ဖျားရောဂါသောက်ဆေးများ မရှိသည့် အတွက် သေ‌ဆုံးသူများရှိလာခြင်းဖြစ်သည်ဟု လေးမြို့ချောင်းဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" ဖြစ်နေတာကတော့ လေးမြို့ချောင်းဒေသအတွင်းကရွာတွေလို့ပြောလို့ရတယ်။ လေးမြို့ချောင်းတစ်ဖက်တကမ်းကရွာတွေပါ။ သေတဲ့လူတွေက ဒီငါးရွာထဲကပါပဲ။ အဓိကက ဆေးလုံးဝမရှိတာကြောင့်သေရတာဖြစ်တယ်" ဟုပြောသည်။

စစ်ကောင်စီသည် ပြည်မမှ ရခိုင်သို့ ဆေးဝါးတင်ပို့ခွင့်ကို တင်းတင်းကျပ်ကျပ်တားမြစ်ထားသဖြင့် ရခိုင်တွင် ဆေးဝါးများ ရှားပါးပြတ်လပ်ကာ ရခိုင်ပြည်သူများ၏ ကျန်းမာရေးကဏ္ဍမှာ အထူး အခက်အခဲဖြစ်နေကြရသည်ဟု သိရသည်။

“အရင်ကတည်း ရခိုင်ကျေးလက်ဒေသတွေက ခေတ်မီ ဆေးဝါးတွေရရှိဖို့ဆိုတာ တော်တော် ခက်ခဲတယ်။ အခုလို စစ်အစိုးရက ဆေးဝါးတွေတင်သွင်းခွင့်ကို ပိတ်ပင်လိုက်တော့ အခြေအနေက ပိုဆိုးသွားတယ်။ အခုဆို ငှက်ဖျားဖြစ်ရင် သောက်မယ့်ဆေး၊ ထိုးမယ့်ဆေး လုံး၀မရှိဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။

blob
              

ယခင်က ငှက်ဖျားရောဂါသောက်ဆေး၊ထိုးဆေးများကို နည်းစည်းမခြားဆရာဝန်များအသင်း၊ Unicef၊ UNDP၊ UNHCR စသည့်အဖွဲ့များနှင့် တခြားသောအဖွဲ့အစည်းများကလာရောက်လှူဒါန်းမှုများရှိခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီက ပိတ်ပင်ထားသည့်အတွက် လှူဒါန်းမည့်အဖွဲ့များတစ်ဖွဲ့မှမရှိ၍ ဆေးဝါးကုသရေးပိုင်းတွင် အထူးခက်ခဲနေသည်ဟုဒေသခံများကလည်းပြောဆိုသည်။ 

လေးမြို့ချောင်းဒေသသည် အအေးပိုကဲသည့်ဒေသတစ်ခုဖြစ်ပြီး အေးသည့်ဆောင်းရာသီရောက်လျှင်ငှက်ဖျားရောဂါဖြစ်လေ့ရှိကာလက်ရှိတွင် မြစ်ရေကိုချိုးခြင်း၊ တော၊တောင်များတွင်ဝါးခုတ်ခြင်းများကိုလုပ်ရာမှ ခြင်ကိုက်ပြီးခြင်းမှတဆင့်ကူးစက်ရခြင်းဖြစ်သည်ဟု သိရသည်။

အာရက္ခတပ်‌တော်မှဒေသအတွင်းမှဆေးဘက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက " လေးမြို့ဖက်က အရင်ကတည်းက အအေးများတဲ့ ရွာတွေဖြစ်တယ်။ အေးတဲ့အချိန်မှာချောင်းရေချိုးတာကြောင့် ဖျားတာလည်းပါတယ်။နောက်တစ်ခုကတောတန်း၊တောင်တန်းတွေကိုသွားပြီး ဝမ်းစာအတွက်အလုပ်လုပ်ကြလို့တောထဲမှာအိပ်ရတဲ့အခါ ခြင်‌တွေကိုက်တယ်။ ငှက်ဖျားက အအေးများတဲ့ဒေသမှာအဖြစ်လွယ်တယ်လေ။ သူတို့တွေအိမ်ပြန်ရောက်တော့ ဖျားတယ်။ သူတို့ကနေတဆင့် ကျန်လူတွေကိုကူးစက်ကြတာ" ဟုပြောသည်။

ငှက်ဖျားဖြစ်ပွားနေသည့်ရွာများမှာ ဆင်ဂဲ (ချင်းရွာ)၊သံထောင်၊ကုန်းချောင်း၊  စင်းဘောကိုင်း၊မှော်ရွာ၊  ညောင်ပင်လှ၊ဗြိတ်ချောင်း၊လေညှင်းတောင်အထက်ရွာနှင့်အောက်ကွာ၊ဆင်အိုးကြီး၊ဆင်အိုးချေ၊  ဂုဏ်ကျွန်း၊မြစ်ရိပ်ကျွန်း၊ကျောင်းတောင်၊မြိုချောင်း၊ပန်းမြောင်း၊ရွှေကျန်၊ပြင်ရောင်၊မင်းဖူး၊ကုလားမတောင်၊ ဝါးတောင်၊ချဲရွာ၊ပုလဲတောင်တို့ဖြစ်ကြသည်။

ယင်းအထဲတွင် ကျောင်းတောင်၊မြိုချောင်း၊ပန်းမြောင်း၊ရွှေကျန်၊မင်းဖူးတို့တွင် ငှက်ဖျားရောဂါပိုမိုဖြစ်ပွားနေကြောင်း ဒေသခံများထံမှတဆင့်သိရသည်။

ငှက်ဖျား ရောဂါသည် ကပ်ပါးပိုးတစ်မျိုးကြောင့်ဖြစ်ရသော အသက်အန္တရာယ်ရှိသည့် ရောဂါတစ်ခုဖြစ်သောကြောင့် ဆေးဝါးမမှီဝဲဘဲ အချိန်မှီမကုသနိုင်ပါက အသက်သေ‌ဆုံးမှုများရှိနိုင်သည်ဟု ဆေးဝါးကျွမ်းကျင်ပညာရှင်များက ပြောသည်။

လက်ရှိတွင် လေးမြို့ဒေသက ဒေသခံ‌ ထောင်နှင့်ချီအတွက် ဆေးဝါးများအရေးပေါ်လိုအပ်နေကြောင်း သိရသည်။

#ကျန်းမာရေးစောင့်ရှောက်မှု
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.