သဉ္ဇာနွယ်-နိရဉ္စရာ၊ နိုဝင်ဘာ ၂၅/၂၀၂၄
ရခိုင်ပြည်၊သံတွဲမြို့နယ်တွင်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။
သေဆုံးသွားသူမှာသံတွဲမြို့နယ် မရိုးဘေးရွာက မောင်ခိုင်ဇော်(၁၆ )နှစ်ဖြစ်သည်။
ဒဏ်ရာရရှိသူများမှာ သစ်ငုတ်တိုကျေးရွာမှ မခိုင်ဇင်ထွေး ( ၁၈ )နှစ်၊ ဦးသိန်းတန်(၅၀)နှစ်နှင့် ဦးတင်ရွှေ( ၇၇) နှစ်တို့ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲသံတွဲမြို့နယ် သစ်ငုတ်တိုကျေးရွာကို ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်နေ့နေ့လယ်ပိုင်းက ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲ၍ နေအိမ်တစ်လုံးတွင်ကျရောက်ပေါက်ကွဲကာ ယခုကဲ့သို ထိခိုက်သေဆုံးဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု သံတွဲဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။
" မနေ့ကထမင်းစားချိန်မှာ လာလို့ကြဲသွားတာပါ။ သစ်ငုတ်တိုရွာက နေအိမ်တစ်လုံးပေါ်မှာကျသွားတာပါ။ မရိုးဘေးရွာက ကောင်လေးက သစ်ငုတ်တိုရွာမှာ စစ်ရှောင်လာတဲ့သူပါ။ကျန်တဲ့ဒဏ်ရာရတဲ့သူကရွာသားတွေပါ" ဟုပြောသည်။
ဒဏ်ရာရရှိသူများမှာခြေထောက်၊ ဦးခေါင်းနှင့် ခန္ဓာကိုယ် အနှံ့ပြားတွင် ရရှိသွားပြီးနီးစပ်ရာတွင်ဆေးကုသမှုခံယူနေကြကြောင်း နောက်ထပ်သံတွဲဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။
" ဒဏ်ရာရတဲ့သူတွေကတော့စိုးရိမ်စရာအခြေအနေမရှိဘူး။ ဆေးကုသမှုပေးနေတယ်။ ဒေသခံတွေလည်း ကြောက်နေကြတယ်။နောက်ထပ်ဗုံးလာကြဲမှာကို " ဟုပြောသည်။
စစ်ကောင်စီသည် ရခိုင်ပြည်အတွင်းတွင်း လေကြောင်းတိုက်ခိုက်မှုယခင်ကထက်ပြုလုပ်လာပြီးနိုဝင်ဘာ ၁ ရက်မှ ၂၁ ရက်နေ့ထိ (၂၁) ရက်အတွင်း စစ်ကောင်စီကြောင့်သေဆုံးရသူမြန်မာ တစ်နိုင်ငံလုံးအတွင်း သေဆုံးသူ ၄၉ ဦးရှိပြီးထိုအထဲမှာ ရခိုင်၌သေဆုံးခဲ့ရသူအရေအတွက်မှာ အများဆုံးဖြစ် ကြောင်းအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ နိုဝင်ဘာ၂၂ရက်က ထုတ်ပြန်ထားသည်။