(စစ်ကူနှင့် ရိက္ခာမရောက်ရာမှ ခမရ ၅၄၄ တပ်ရင်းမှူးထွက်ပြေးသွားဟု သတင်းထွက်ပေါ်)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၆/ ၂၀၂၄
တောင်ကုတ်မြို့တွင် အခြေစိုက်ထားသည့် စကခ (၅)၊ ခမရ (၅၄၄) နှင့် ခမရ (၃၄၆) တို့ကို အာရက္ခတပ်တော်( AA)က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေကာ စစ်ကောင်စီကလည်း လူနေကျေးရွာများကို မကျန် ဗုံးကြဲနေ၍ သာသနာ့နိက အဆောက်အဦများအပါအဝင် နေအိမ်များ ထိခိုက် ပျက်စီးမှုများရှိနေကြောင်း သတင်းရရှိသည်။
ဒေသခံတစ်ဦးက“အေအေက စကခရော တပ်ရင်းနှစ်ခုကိုပါ တစ်ပြိုင်တည်း ဝင်တိုက်တာ။ စကစကလည်း လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲနေပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေရော လူနေအိမ်တွေရော အကုန်ထိကုန်တယ်” ဟု ပြောသည်။
ဗုံးကြဲခံရ၍ ကံပိုင် ဘုန်းတော်ကြီးကျောင်း၊ ခြင်္သေ့နှစ်ကောင် သိမ်တောင်ဘုရားကြီးကျောင်း၊ ဘောလုံးကွင်းအနီး အိမ်တချို့ နှင့် သိမ်တောင်ရပ်ကွက်ရှိ ညစျေးတန်းတိုဲံ့လည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု သိရသည်။
“ တောင်ကုတ်ကလူတွေ စစ်ဘေးရှောင်တော့ ကားတွေကို ကံပိုင်ဘုန်းတော်ကြီးကျောင်းမှာ အပ်ထားခဲ့တယ်။ အဲဒီကျောင်းမှာ ဗုံးကျပြီး အပျက်အစီးများတယ်လို့ သိရပါတယ်။ ခြင်္သေ့နှစ်ကောင် သိမ်တောင်ဘုရားကြီးလည်း ပျက်စီးတယ်လို့ သိရပါတယ်။ ဘောလုံးကွင်းအိမ်တွေလည်း အပျက်အစီး ရှိပါတယ်။ သိမ်တောင်ရပ်ကွက်က ညစျေးတန်းလည်း အပျက်အစီးရှိတယ်လို့ သိရပါတယ်”ဟု ပြောကြားသည်။
တပ်မ၊ တပ်ရင်းများ၏ ပြင်ပတွင် AA နှင့် စစ်ဆိုင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်များသည် အေအေထိုးစစ်ဆင် တိုက်ခိုက်မှုကို မယှဉ်နိုင်၍ တပ်ရင်းများသို့ ဆုတ်ခွာသွားခဲ့ပြီးနောက် AAက စကခ (၅)၊ ခမရ (၅၄၄) နှင့် ခမရ (၃၄၆) ကို ထပ်မံတိုက်ခိုက်နေခြင်းဖြစ်သည်။
တိုက်ပွဲပြင်းထန်နေသည့် တောင်ကုတ်တွင် စစ်ကူနှင့် ရိက္ခာမပို့နိုင်သည့်အတွက် ခမရ ၅၄၄ ယာယီတပ်ရင်းမှူးနှင့် တပ်သားအချို့ထွက်ပြေးသွားကြောင်း သတင်းထွက်များ ထွက်ပေါ်နေသော်လည်း နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဒေသအတွင်းစစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက “ ခမရ ၅၄၄ မှာရိက္ခာပြတ်နေတာ သုံးလေးရက်လောက်ရှိပြီလို့ သိရပါတယ်။ ရိက္ခာမရှိသလို စစ်ကူလည်း မရောက်နိုင်တော့တဲ့အတွက် တပ်ရင်း သေချာပေါက် ကျမှာကို သိလို့ တပ်ကနေ ထွက်ပြေးတာလို့ သိရပါတယ်” ဟု ပြောကြားသည်။
လက်ရှိ တောင်ကုတ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီသည် ယခင်တိုက်ပွဲများအတိုင်း လေကြောင်းကို အဓိကထားပြီးအပြင်းအထန် ခုခံတိုက်ခိုက်နေကြောင်း သိရသည်။
(ဓာတ်ပုံ- ရခိုင်တိုက်ပွဲ ပုံဟောင်းများသာ)