နှင်းနွယ်နီ၊ နိရဥ္စရာ၊ နိုဝင်ဘာ ၂၈/၂၀၂၄
စစ်ရှောင်ဘ၀ဖြင့်ရန်ကုန်ကိုရောက်ရှိလာခဲ့ကြသည့်ရခိုင်ကအမျိုးသမီးအများအပြားသည် ဘ၀ရှင်သန်ရပ်တည်ရေးအတွက်စိန်ခေါ်မှုအများအပြားနှင့်ရင်ဆိုင်နေကြရသော်လည်းဘ၀ကိုအရှုံးမပေးသောစိတ်ဓာတ်ဖြင့်ကြိုးစားရုန်းကန်လှုပ်ရှားကာမိသားစုဝမ်းရေးကိုဖြေရှင်းနေကြရသည်ဟုရန်ကုန်ရောက်ရခိုင်စစ်ဘေးရှောင်မနှင်းနွယ်(အမည်လွှဲ)ကပြောသည်။
“အဆင်ပြေလို့တော့မဟုတ်ပါဘူး။ဒီအတိုင်းအလုပ်မရှိထိုင်ပြီးအငတ်ခံနေမယ့်အတူကိုယ်တတ်ကျွမ်းတဲ့ပညာနဲ့လမ်းဘေးရခိုင်မုန့်တီဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။နေ့စဉ်မိသားစုထမင်းဖိုးကတော့အဆင်ပြေနေပါတယ်”ဟုပြောသည်။
ရန်ကုန်မြို့ကျောက်မြောင်းတစ်နေရာတွင်ဖွင့်လှစ်သည့်သူမ၏ဆိုင်တွင်ရခိုင်မုန့်တီ၊ရခိုင်မုန့်တီအသုတ်၊လျှာပူအာပူစသည့်မုန့်တီအမျိုးအစားအများအပြားကိုရောင်းချပြီးအနီးအနားပတ်ဝန်းကျမှရပ်ကွက်နေပြည်သူများအနေဖြင့်ပုံမှန်လာစားကြသည်ဟုဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက ရန်ကုန်နှင့် မန္တလေးမြို့များတွင်ဖွင့်လှစ်ထားသော ရခိုင်ဆိုင်များတွင် ပြည်သူများ ဝယ်ယူစားသောက်ခြင်းမပြုကြရန် ဓာတ်မီးတိုင်၊ ကား၊ အိမ်ခြံစည်းရိုးများနှင့် ရခိုင်ဆိုင် ဆိုင်းဘိုးများပေါ်တွင် “ရက်စက်ယုတ်မာတဲ့ အေအေ အကြမ်းဖက်သမားတွေကို ဆန့်ကျင်သည့်အနေဖြင့် ရန်ကုန်မြို့ပေါ်က ရခိုင်ဆိုင် မှန်သမျှကို ဝယ်ယူစားသောက် အားပေးခြင်း ရှောင်ကြဥ်ကြပါ”၊ “ပြည်သူတွေအနေနဲ့ ရန်ကုန်မြို့ပေါ်က ရခိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်တွေကို သွားရောက်ဝယ်ယူခြင်းမပြုရန် သတိပေးတားမြစ်လိုက်သည်”၊ အစရှိသော စာများကို ကပ်ထားခြင်းမှုများရှိခဲ့သဖြင့်စိုးရိမ်မှုများဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။
“ရောက်စတုန်းကတော့ရခိုင်ဆိုင်တွေမှာမစားရဘူး။ရခိုင်ဆိုင်တွေကိုသပိတ်မှောက်တယ်ဆိုတဲ့စာကပ်တာမျိုးတွေ့တော့စားသောက်ဆိုင်ရောင်းလို့ဖြစ်မှဖြစ်ပါ့မလားလို့စိုးရိမ်မိတယ်။တကယ်ဆိုင်ဖွင့်ရောင်းတော့ဒီလိုခွဲခြားမှုမျိုးကိုမတွေ့ရဘူး။လူမျိုးပေါင်းစုံလာစားကြတာဘဲ။ရခိုင်မို့လို့ခွဲခြားတာမျိုးတော့ဒီမှာမတွေ့ရပါဘူး။ကျောင်းသူတွေ၊ ဝန်ထမ်းတွေလည်းကြုံရင်ကြုံသလိုရခိုင်မုန့်တီကိုဝင်စားနေကြတာပါဘဲ” ဟုပြောသည်။
စစ်တွေတွင်တိုက်ပွဲဖြစ်ပွားမည်ဆိုသည့် သတင်းများကြောင့် စစ်တွေမြို့သူမြို့သားအများစုသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အစရှိသည့် မြို့ကြီးများသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ကာ ပြောင်းရွေ့ တိမ်းရှောင်လာခဲ့ကြသည်ဟုဆိုသည်။
ရန်ကုန်ရောက် စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးက“ ရန်ကုန်က ကျောက်မြောင်း၊ တာမွေမှာဆို စစ်တွေက ဆိုင်တွေချည်းပဲ။ မုန့်တီစားမလား၊ ကဘား စားမလား။ ကြိုက်တာသွားစားလို့ရတယ်။ စစ်တွေက ဆိုင်တွေ အကုန်လုံးနီးပါး ဒီမှာ လာဖွင့်နေကြတာ” ဟု ပြောသည်။
ရခိုင်မှရန်ုကုန်မြို့သို့ထွက်ပြေးလာခဲ့ကြသည့်စစ်ဘေးရှောင်များအနေဖြင့်လမ်းဘေးစားသောက်ဆိုင်လေးများဖွင့်လှစ်ရောင်းချကာစီးပွားရှာနေကြသည်မဟုတ်ဘဲ စစ်တွေမြို့မှ နာမည်ကြီး ဆိုင်များဖြစ်သည့် မြစံပါယ် ထမင်းဆိုင်၊ မောလိပ်မုန့်တီ၊ မနု မုန့်တီ၊ အရီးဝိုင်း ကဘား၊ စံရွှေမင်း ကဘား၊ စျာန် နွားနို့ဆိုင်၊ စိန်ကဖီး၊ ကမ်းနားလမ်း အသုပ်ဆိုင်၊ ရွှေပြည်တော် စားသောက်ဆိုင်၊ ဖြူဖြူသန်း ထမင်းကျော်ဆိုင်နှင့် တခြားဆိုင်များမှာ ရန်ကုန်တွင် ဖွင့်လှစ်ရောင်းချနေကြသည်ဟုသိရသည်။
စစ်တွေတွင် အမျိုးသမီးတစ်ဦးက မိသားစုလိုက် ရန်ကုန်ကို ပြောင်းရွေ့ခဲ့ကာ နောက်ပိုင်းတွင် သားသမီးပညာရေး၊ အိမ်ဖိုး၊ မီးဖိုးနှင့် ဝမ်းရေးအခြေအနေကြောင့်စစ်တွေတွင်ရောင်းချခဲ့သည့် မုန့်တီဆိုင်ကို ရန်ကုန်တွင် ဖွင့်လှစ်ရောင်းချနေသည်ဟုပြောကြားသည်။
“တိုက်ပွဲဖြစ်လာမယ်ဆိုတော့ နယ်ကိုလည်း ပြေးလို့မရလို့ ရန်ကုန်ကိုပဲ ပြေးလာခဲ့တာ။ တိုက်ခန်းငှားနေတာတောင် တစ်လကို ၄ သိန်းပေးရတယ်။ ရောက်ခါစက ပါလာတာလေးနဲ့ စားသောက်နေနေတာ။ သားသမီး ပညာရေးကလည်း ရှိသေးတော့ ရောက်ပြီး ၃ လလောက်မှ ဆိုင်လေးဖွင့်ဖြစ်ခဲ့တယ်။အခုမုန့်တီဆိုင်လေးကပုံမှန်လည်ပတ်နေပါပြီ”ဟု ပြောသည်။
ကိုယ်နှင့်မရင်းနှီးသည့်တစိမ်းဒေသတွင်စားသောက်ဆိုင်ဖွင့်ပြီးရောင်းချပါကအဆင်မပြေဖြစ်မည်ကို စိုးရိမ်စိတ်များရှိခဲ့သော်လည်း လက်တွေ့တွင် လူမျိုးရေးဘာသာရေးခွဲခြားဆက်ဆံမှုများမရှိဘဲ ဆိုင်ရောင်းချရသည်မှာ အဆင်ပြေသည်ဟု အဆိုပါမုန့်တီဆိုင်ပိုင်ရှင် အမျိုးသမီးက ဆက်ပြောသည်။
“ဆိုင်မဖွင့်ခင်တုန်းက ဝယ်စားသူရော ရှိပါ့မလား စိုးတော့ စိုးရိမ်ခဲ့တယ်။ ရခိုင်ဆိုင်တွေ အားမပေးနဲ့ဆိုပြီး စာကပ်ကြတာ ရှိတယ်လို့ ကြားလိုက်တယ်။ ဒါပေမဲ့ ဖွင့်လိုက်တော့လည်း ရန်ကုန်မှာရှိတဲ့ ဗမာတွေရော၊ ရခိုင်တွေရော၊ အကုန်လုံး လာအားပေးကြတာပါပဲ။ ခွဲခြားမှုတွေတော့ မရှိပါဘူး” ဟုပြောသည်။
စစ်တွေမြို့ကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားပြီး စစ်တွေမှနေ၍ ရန်ကုန်နှင့် မန္တလေးမြို့သို့ လေကြောင်းလိုင်းတစ်ခုတည်းသာ ဖွင့်လှစ်ပေးထားသဖြင့်စစ်ဘေးရှောင်လိုသူများသည်ရန်ကုန်နှင့်မန္တလေးမြို့သို့လာရောက်ကြသည်ဟုဆိုသည်။
ထို့ကြောင့် စစ်တွေမြို့ခံအများစုသည် ရန်ကုန်ရှိ ဆွေမျိုးနေအိမ်များတွင် နေထိုင်ခြင်းနှင့် အိမ်ခန်းများ ငှားနေနေကြကာအလုပ်အကိုင် အဆင်ပြေကြသော်လည်း အများစုမှာ ဘ၀ဝမ်းရေးကိုခက်ခက်ခဲခဲဖြစ်လိုရုန်းကန်လှုပ်ရှားနေကြရသည်ဟုရခိုင်အမျိုးသားတစ်ဦးကပြောသည်။
“ ရန်ကုန်ဆိုတာကမြို့ကြီးဘဲလေ။အလုပ်ကတော့ရှာရတာပေါ့။တချို့လည်းကားမောင်းတတ်တော့တက်စီဆွဲတယ်။မိန်းမဖြစ်သူကစားသောက်ဆိုင်ဖွင့်ပြီးရောင်းတယ်။မျိုးစုံလုပ်ကြတာပါဘဲ။တချို့လည်းအလှပြင်ဆိုင်ဖွင့်တယ်။တချို့ကျတော့စက်ရုံတွေမှာလုပ်တယ်။စက်ချုပ်တတ်တဲ့လူကစက်ချုပ်တယ်။ပန်းထိမ်တတ်တဲ့လူတွေကလည်းပန်းထိမ်ဆိုင်မှာလုပ်ကြတယ်။စစ်ကဘယ်နေ့ပြီးလို့ ဘယ်နေ့အိမ်ပြန်ရမယ်မှန်းမှမသိတာ။ဒီအတိုင်းထိုင်နေလို့ကတော့အဆင်မပြေဘူးလေ။အလုပ်ကတော့ရှာကြံလုပ်ပြီးခက်ခက်ခဲခဲ့ဝင်ငွေရအောင်လုပ်ကြတာဘဲ”လို့သူကပြောဆိုပါတယ်။
လက်ရှိရခိုင်ပြည်မှစစ်တွေ၊ကျောက်ဖြူနှင့်မာန်အောင်(၃)မြို့တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း ဂွ၊တောင်ကုတ်၊ အမ်းနှင့်မောင်တောမြို့တို့တွင်စစ်ပွဲများအပြင်းအထန်ဆက်လက်ပြင်းထန်ဖြစ်ပွားနေကြောင်းသိရသည်။
သို့အတွက်တိုက်ပွဲဖြစ်ပွားနေသည့်ဂွ၊တောင်ကုတ်နှင့်အမ်းမြို့နယ်တို့မှပြည်သူများမှာရန်ကုန်အပါအဝင်ဗမာပြည်မဘက်သို့စစ်ပြေးရှောင်သွားခဲ့ကြရပြီးအများစုကလေးငယ်များနှင့်အမျိုးသမီးများဖြစ်ကြသည်ဟုသိရှိရသည်။
၎င်းပြင်ယခုနှစ်ဆန်းပိုင်း ဖေဖော်ဝါရီလလောက်မှ စတင်ကာ စစ်တွေမြို့ခံအများစုသည် စစ်တွေမြို့တွင် ဖွင့်လှစ်ခဲ့သည့် မုန့်ပဲသရေစာဆိုင် စားသောက်ဆိုင်၊ အလှပြုပြင်ရေးဆိုင်နှင့် အထည်ဆိုင်တို့ကို ရန်ကုန်တွင် ပြောင်းရွေ့ဖွင့်လှစ်ထားကြသည်ဟုသိရသည်။
ဓာတ်ပုံ - လူမှုကွန်ရက်