နိရဉ္စရာ၊ နိုဝင်ဘာ ၂၈/၂၀၂၄
တောင်ကုတ်မြို့တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော ခိုးရာပါပစ္စည်းများကို သူခိုးများကို မေးမြန်းပြီး ပိုင်ရှင်အစစ်အမှန်များလက်ထဲသို့ အပ်နှံနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖမ်းဆီးရမိသည့် သူခိုးများ၏ ဓာတ်ပုံနှင့် တကွ အာရက္ခတပ်တော်( AA)မှ ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်သည်။
လောလောဆယ်တိုက်ပွဲများပြင်းထန်နေမှုကြောင့် အဆိုပါ ခိုးရာပါပစ္စည်းများကို မိမိတို့ လုံခြုံရေးတပ်ဖွဲ့ထံတွင် ကောင်းမွန်စွာသိမ်းဆည်းထားကြောင်းဖြင့်လည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျန်ရှိနေသေးသည့် သူခိုးများအားလည်း လက်ရှိဖမ်းဆီးရမိသူများထံမှ တစ်ဆင့် စုံစမ်းပြီး လိုက်လံဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း AA က ပြောဆိုထားသည်။
“ အာရက္ခတပ်တော်မှ တောင်ကုတ်မြို့အား အလုံးစုံမသိမ်းပိုက်နိုင်သေးဘဲ တိုက်ပွဲများပြင်းထန်နေသော အချိန်ကာလအတောအတွင်းကို အခွင့်ကောင်းယူ၍ ခိုးယူမှုများဖြစ်ပွားခဲ့ကြောင်း မိမိတို့ ဖမ်းဆီးရမိသောသူခိုးများထံမှ သိရှိရသဖြင့် အဆိုပါသူခိုးများအား လိုက်လံရှာဖွေပြီး ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်”ဟု ဖော်ပြထားသည်။
ယခုအချိန်တွင် တောင်ကုတ် မြို့အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ယောက်မျှမရှိတော့ဘဲ အာရက္ခတပ်တော်မှထိန်းချုပ်လိုက်ပြီဖြစ်သော်လည်း တောင်ကုတ်ဒေသခံပြည်သူ အချို့နှင့် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူရန်ချောင်းနေကြသော တောကြောင်သူခိုးများသာ ကျန်တော့သည်ဟု ဆိုသည်။
မိမိတို့အနေဖြင့် အဆိုပါ လက်ကျန်ပြည်သူများ၏ အသက် အန္တရာယ်ကိုစိုးရိမ်သောကြောင့် ဘေးလွတ်ရာသို့ ဆက်လက်ရွေ့ပြောင်းဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြသည်။
အာရက္ခတပ်တော်မှ တောင်ကုတ်မြို့အား အလုံးစုံမထိန်းချုပ်နိုင်စဉ်ကာလအတွင်း ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မြို့အတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကိုပြုလုပ်ခဲ့သောကြောင့် ပြည်သူပိုင်ပစ္စည်း၊ လူနေအိမ်၊ တိုက်တာအဆောက်အအုံအချို့မှာ ပျက်စီးသွားခဲ့ပြီးဖြစ်သည်ဟု သိရသည်။
မြိုတွင်းလူနေအိမ်များတွင် အိမ်ပိုင်ရှင်များမှ တစ်ပါတည်းယူဆောင်ရန် အဆင်မပြေခဲ့၍ ချန်ထားရစ်ခဲ့သော ပစ္စည်းများ၊ မီးခံသေတ္တာထဲထားခဲ့ကြသောအဖိုးတန် ရွှေ၊ ငွေလက်ဝတ် ရတနာပစ္စည်းများ၊ လေးလံသော အိမ်အသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂများ၊ တစ်ကိုယ်ရည် တစ်ကာယ လူ့အသုံး အဆောင်ပစ္စည်းများ၊ အဝတ် အထည်များ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ သုံးဘီးများ၊ ၎င်းယာဉ်ပါပစ္စည်းများထဲမှ ဖြုတ်၍ရပြီး ပြန်သုံး၍ရနိုင်သော ယာဉ်ပိုင်း ဆိုင်ရာပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အစရှိသော အခြေခံ စားသောက်ကုန် ပစ္စည်းများနှင့် ကျွဲ၊ နွား၊ ကြက်၊ ဝက် အစရှိသော တိရစ္ဆာန်များ နှင့် ရောင်းစား၍ရနိုင်သော ပစ္စည်းများကို ၎င်းဒေသခံ ပြည်သူများထဲမှအချိုနှင့် ခိုးယူရန်ချောင်းနေကြသောသူများသည် ခိုးယူခြင်း သာမက ဖျက်ဆီးခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်များကိုတွေ့ရှိရသည်ဟု ဆိုသည်။
တောင်ကုတ်မြို့တွင်း လုံခြုံရေး၊ ဒေသခံပြည်သူလူထုများ၏ တိုက်တာ၊ အိုးအိမ်အဆောက်အအုံများ နှင့် ၎င်းအဆောက်အအုံအတွင်း၌ ချန်ထားခဲ့သော ပစ္စည်းများ မပျောက်မပျက်စေရေး၊ ခိုးယူဖောက်ထွင်းမှုများ မဖြစ်ပေါ်စေရေး နှင့် အရပ်သားဒေသခံပြည်သူများ မြို့တွင်း၌ ခိုကပ်ရှိမနေစေရေးတို့အတွက် ဆောင်ရွက်နေ ကြသော အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဆောင်ရွက်နေမှုများ ကြား၌ပင် သူခိုးများကို ခိုးရာပါပစ္စည်းများနှင့်အတူ နေ့စဉ် ဖမ်းဆီးရမိလျက်ရှိသည်ဟုလည်းဖော်ပြထားသည်။