Preview

ဂွမြို့နယ်လောင်းကျိုးရွာကို AA သိမ်းပိုက်ပြီး နေရာ ၃ ခုလောက်တွင်တိုက်ပွဲဖြစ်ပွား

ခိုင်လူလှ (ရိုးမမြေ) | ဒီဇင်ဘာ ၀၁/ ၂၀၂၄ | ကြည့်ရှုသူ :2450
ရခိုင် သတင်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၁/ ၂၀၂၄

ဂွမြို့နယ်မြောက်ဘက် လောင်းကျိုးရွာကို  အာရက္ခတပ်တော် ( AA)က ယမန်နေ့က ထပ်မံ သိမ်းပိုက်လိုက်ပြီး လက်ရှိတွင် နေရာ ၃ ခုလောက်ကို AA ဖြတ်ပြီးတိုက်ခိုက်ရာမှ  တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“  သံတွဲ- ဂွ ကားလမ်းပေါ်က တစ်ရွာပြီး တစ်ရွာ သိမ်းပိုက်လာရာမှာ မနေ့ကတော့ ကမ်းသာယာနဲ့ ညောင်ချောင်းအကြားမှာ တည်ရှိတဲ့ လောင်းကျိုးရွာကို အေအေက သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။ ဒီနေ့ကတော့ နေရာ ၃ ခုလောက်မှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။”

ဖာလာတောင်နှင့် တင်းတောဘက်တွင် တိုက်ပွဲများဖြစ်နေသည်ဟု ကြားသိရကြောင်း ၎င်းက ပြောသည်။

“ မနေ့ကတော့ ညောင်ချောင်းရွာအပါအဝင် ပင်လယ်ကမ်းနားကရွာတွေမှာ တိုက်ပွဲဖြစ်ပွားတယ်လို့ သိရပါတယ်။ မနေ့က ညနေက ပင်လယ်ကမ်းနားရှိ ဇီးခုံနဲက တင်းတောကျေးရွာဘက်မှာလည်း  တိုက်ပွဲ ဖြစ်တယ်လို့ ကြားတယ်”ဟု ၎င်းက ဆက်ပြောသည်။  

အာရက္ခတပ်တော်က ဂွမြို့သို့ လမ်းကြောင်း ၃ ကြောင်းမှ ချီတက်လာပြီး စစ်ကောင်စီက အေအေ ချီတက်လာနေသည့် လမ်းကြောင်းတစ်လျှောက် လေတပ်နှင့် ရေတပ်ကိုပါ အသုံးပြုပြီး အကြီးအကျယ် စစ်ကူတိုက်ခိုက်ပေးနေသည်ဟု ၎င်းက ဆိုသည်။

ယခုတိုက်ပွဲဖြစ်ပွားရာနေရာများနှင့် ဂွမြို့အကြားတွင် ချင်းကုန်း၊ ရွာသစ်ကုန်း၊ ကျောက်ကြီး၊ စည်ပင်နှင့် ရွှေနန်းခိုင်ကျေးရွာစသည့် ကျေးရွာ ၅ ရွာခန့်သာရှိပြီး အဆိုပါ ကျေးရွာများကို ကျော်လာပါက ခမရ (၅၆၃) တပ်ရင်းသို့ ရောက်ရှိသည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်မှာ တစ်ရွာပြီးတစ်ရွာကို လက်လွှတ်ကာ ဂွဘက်ကို ဆုတ်ခံနေရပြီး အများစု စစ်သားများမှာ စစ်မတိုက်လိုတော့ဟု ဆိုသည်။  

“စစ်တပ်သားတွေထဲမှာ ၄၅ ရက်သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းတွေအများအပြားပါတယ်။ သူတို့က စစ်မတိုက်ချင်ကြဘူး။ အရက်သောက်ပြီး မူးနေတာများတယ်။ အေအေနဲ့ ဖြစ်ရင် ထွက်ပြေးတယ်။ အခုဆို တစ်ရွာပြီး တစ်ရွာ စစ်တပ်က နောက်ဆုတ်ပေးလာရတယ်။ ရဟိုင်းကူးတို့၊ စည်ပင်တို့ကို ရောက်တော့မယ်။ ဒီရွာတွေက ဂွနဲ့ တော်တော်လေးနီးသွားပြီ” လို့ ၎င်းက ပြောသည်။

ဂွမြို့ မှ မြောက်ဘက် သံတွဲဘက်မှ အဝင်တွင် ခမရ (၅၆၃) တပ်ရင်းရှိပြီး ဂွမြို့တောင်ဘင် ဧရာ၀တီတိုင်းသို့ အထွက်တွင် ခမရ (၅၆၂) တပ်ရင်းများ တည်ရှိပြီး အဆိုပါ တပ်ရင်း နှစ်ခုစလုံးကို အေအေက အလံဖြူထောင်ရန် ကမ်းလှမ်းထားသည်ဟု သိရသည်။  

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.