နိရဉ္စရာ၊ ဒီဇင်ဘာ ၁/၂၀၂၄
အာရက္ခတပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်၍ ညောင်ချောင်းရွာမှ စစ်ကောင်စီတပ်က နောက်ဆုတ်သွားပြီးနောက် ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၍ ညောင်ချောင်းကျေးရွာ အထက်တန်းကျောင်းဆောင် မီးလောင်နေကြောင်း သတင်းရရှိသည်။
“ ဒီနေ့မနက်ပိုင်းက မီးလောင်ပါတယ်။ စစ်တပ်က လေကြောင်းကနေ အတွဲလိုက်ပစ်ပါတယ်။ ကျွန်တော်တို့ကလည်း ထွက်ပြေးရင်း ခပ်ဝေးဝေးက မြင်ရတာဆိုတော့ အသေးစိတ် အပျက်အစီးမပြောနိုင်ဘူး။ ကျောင်းဆောင်က တစ်တဆက်တည်းဆိုတော့ ပင်မ ကျောင်းဆောင်အားလုံး လောင်ပုံရပါတယ်” ဟု ညောင်ချောင်းကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။
အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိသည့် ညောင်ချောင်းရွာမှ ရွာထဲ ပိတ်မိနေသည့် ဒေသခံပြည်သူ တစ်ဝက်ကျော်ကို AA က ကယ်ထုတ်သွားကြောင်း သိရသည်။
“ ညောင်ချောင်းရွာကို စစ်တပ်လက်ထဲက သိမ်းပိုက်ပြီးတာနဲ့ ရွာသား တစ်ဝက်ကျော်ကို ဆပ်သွားဘက်ကို အေအေက ကယ်ထုတ်သွားတယ်။ ရွာသား တချို့က ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဇီးကုန်းဘက်ကို ရှောင်ကြတယ်။ ဒီလို အချိန်မီ ကယ်ထုတ်သွားတဲ့အတွက် လေယာဉ်နဲ့ လာပစ်ချိန်မှာ လူတွေက အထိအခိုက်ရှိတယ်လို့ မကြားမိဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိ ညောင်ချောင်းရွာကို AA ကသိမ်းပိုက်လိုက်ပြီဖြစ်ကာ ၎င်းရွာတွင် တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်သည် ဂွမြို့ဘက်သို့ ဖရိုဖရဲ နောက်ဆုတ်သွားပြီးနောက် AA လိုက်လံတိုက်ခိုက်ရာ တိုက်ပွဲမှာ အလယ်ချောင်းကျေးရွာတွင် ယနေ့ နေ့လယ်က စတင်ဖြစ်ပွားနေသည်ဟု သိရသည်။
စစ်ကောင်စီတပ်နှင့် AA တို့သည် ဇီးကုန်း၊ တင်းတောတို့တွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် ဂွမြို့ဘက်သို့ တပ်ဆုတ်သွားသည်ဟု သိရသည်။
စစ်ကောင်စီသည် ဂွမြို့မြောက်ဘက် ၅ မိုင်အကွာရှိ ရွာသစ်ကုန်းတွင် တပ်စွဲထားပြီး အေအေက ၎င်းရွာသစ်ကုန်းကျေးရွာရှေ့ရှိ အလယ်ချောင်းသို့ တပ်ဆုတ်သွားသည့် စစ်တပ်ကို တိုက်ခိုက်ရာမှ တိုက်ပွဲဆက်ဖြစ်ကာ စစ်ကောင်စီက လေကြောင်းနှင့်ရေကြောင်းကပါ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟု ဒေသခံများက ပြောသည်။
ဂွဒေသခံ တစ်ဦးက “ အခု လက်နက်ကြီးတွေနဲ့ ဂွတပ်ရင်းတွေဖြစ်ကြတဲ့ ၅၆၃ နဲ့ ၅၆၂ က ပစ်နေပါတယ်။ နေဗီကလည်း ပစ်တယ်။ လေကြောင်းကလည်း ဗုံးကြဲတယ်။ သေနတ်သံတွေကတော့ နေရာစုံကကြားရပြီး မြေကြီးတွေတောင် တုန်ခါပါတယ်။ အခုကြားရတာက အေအေက ဖာလာတောင်ကို ကျော်လာပြီး အလယ်ချောင်းမှာ ဆက်တိုက်ပွဲဖြစ်နေတယ်လို့ကြားရပါတယ်” ဟု ပြောဆိုသည်။
လက်ရှိ ဂွမြို့ဘက်က စစ်ကောင်စီကား ၆ စီးသည် ဒဏ်ရာရသူများကို ယူဆောင်ရန်နှင့် စစ်ကူအင်အားထပ်ဖြည့်ရန် ရွာသစ်ကုန်းဘက်သို့ ဆင်းသွားသည်ဟု ၎င်းက ပြောကြားသည်။