Preview

အမ်းအခြေစိုက် နောက်ထပ်လက်ကျန် တပ်ရင်း၊တပ်ဖွဲ့ ၉ ခုကို သိမ်းပိုက်ပြီးနောက် နပခဌာနချုပ်ကို အာရက္ခတပ်တော် စတင်ထိုးစစ်ဆင်တိုက်ခိုက်

သဉ္ဇာနွယ် | ဒီဇင်ဘာ ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :3116
ရခိုင် သတင်း

သဉ္ဇာနွယ်- နိရဉ္စရာ၊ ဒီဇင်ဘာ ၃/၂၀၂၄

အာရက္ခတပ်တော် ( AA) အမ်းမြို့ အခြေစိုက် သိမ်းပိုက်ရန် ကျန်နေသေးသည့် တပ်ရင်း၊ တပ်ဖွဲ့များနှင့် စခန်းကုန်များအားလုံးကို အပြီးသတ် သိမ်းပိုက်ပြီးနောက် တစ်ခုတည်းသော နောက်ဆုံး လက်ကျန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့လယ်၁နာရီအချိန်ခန့်ကစတင်ကာ အာရက္ခတပ်တော် (AA)မှ နပခဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး  အေအေကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ထိမှန်၍ နပခဌာနချုပ်အတွင်း အဆောင်များ မီးလောင်ပျက်စီးသွားကြောင်း အမ်းဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" နပခကို ဒီနေ့ နေ့လယ် ၁နာရီကတည်းက AAကထိုးစစ်ဆင်နေတာပါ။ အပြန်အလှန်ပစ်ခတ်နေတာ။ နပခအဆောင်တချို့လည်းပျက်စီးသွားတယ်။ တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းရပါတယ်” ဟု ပြောသည်။

နောက်ဆုံးလက်ကျန်စခန်းများဖြစ်ကြသည့် အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊  အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊ အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ (၁၀) နှင့်အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများကိုထပ်မံသိမ်းလိုက်ပြီဟု သိရသည်။

၎င်းပြင် အမ်းမြို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)လုံခြုံရေးအတွက် ကာရန်ထားသည့် အရန် စခန်း(၃)ခုကိုအာရက္ခတပ်တော် (AA)မှ နိုဝင်ဘာ ၂၉ ရက်နေ့ က ထပ်မံသိမ်းပိုက်လိုက်ပြီးနောက်စစ်ကောင်စီတပ်သားများသည် အကျအဆုံးများစွာဖြင့် နပခ အတွင်းသို့ ဆက်လက် ဆုတ်ခွာ သွားခဲ့ကြသည်ဟု သိရသည်။

လက်ရှိတိုက်ပွဲများမှာနပခ ဌာနချုပ် အတွင်းသို့ တိုက်ပွဲရောက်ရှိလာပြီး အမ်းမြို့မရဲစခန်းအပါအဝင်အမ်းမြို့ပေါ်  နေရာ အတော်များများကိုလည်းAA က ထိန်းချုပ်လိုက်ပြီဟုအမ်းဒေသခံများကပြောသည်။ 

စစ်ကောင်စီသည် နပခဌာချုပ် အနီးတဝိုက်၊ တပ်ရင်းဟောင်း၊မြို့အပြင် များကို လေယာဉ်ဖြင့်ဗုံးကြဲကာပစ်ကူပေးခဲ့သည်ဟု အမ်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

" စစ်ကောင်စီဖက်ကလေကြောင်းပစ်ကူတွေပေးတယ်။ အမ်းမှာဆို  နပခတစ်ခုပဲကျန်ပြီ ဒါကြောင့်မို့ အသည်းအသန်ခုခံနေတာ။ နပခထဲမှာ စစ်အင်အားတွေလည်း ဖြည့်ထားတယ် " ဟုပြောသည်။

အမ်းတိုက်ပွဲအတွင်း ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်သားအများအပြား AAထံလက်နက်ချသွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။  
နပခဌာနချုပ်ထဲတွင်အမ်းမြို့နယ်ရှိတပ်ရင်းများမှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများနှင့်ပြည်မဖက်မှ အင်အားဖြည့်ထားသည့် စစ်သားများ စုပေါင်းကာ ခုခံကာကွယ်တိုက်ခိုက်နေကြသည်ဟု သိရသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.