Preview

ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့တွင် ကျရောက်သည့် ကမန်အမျိုးသားနေ့  နိုင်ငံရေးမတည်ငြိမ်မှုကြောင့်မကျင်းပနိုင်

လူထက်နိုင် | ဒီဇင်ဘာ ၀၅/ ၂၀၂၄ | ကြည့်ရှုသူ :405
ဂျန်ဒါ

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၅  / ၂၀၂၄

ရန်ကုန်အပါအဝင် ရခိုင်ရှိမြို့နယ် တချို့တွင်နှစ်စဉ်ကျင်းပခဲ့သော ကမန်အမျိုးသားနေ့အားယခုနှစ်တွင် မကျင်းပနိုင်ခြင်းအတွက် စိတ်မကောင်းဖြစ်ရပြီး ကမန်လူမျိုးအချင်းချင်းဆက်သွယ်မှုစည်းလုံးမှုများကိုလည်း အားနည်းစေခဲ့ကြောင်း ကမန်အရေးဆောင်ရွက်နေသူဦးဇော်ကိုကိုကပြောသည်။

“ကမန်အမျိုးသားတွေအနေနဲ့ကတော့လုပ်ချင်တာပေါ့ဗျာ။ စည်းစည်းလုံးလုံးလေးဖြစ်စေချင်တာပေါ့။ စိတ်တော့မကောင်းဘူးပေါ့။ အခုပါတီကလည်းမရှိတော့ဘူး။ အဖွဲ့အစဉ်း ခေါင်းစင်တပ်ပြီး နိုင်ငံရေးအရ လုပ်၍ မရတော့ဘူး။ ကျောက်ဖြူမှာဆိုလည်း ကမန်တွေက ဒုက္ခသည်စခန်းထဲမှာ။ သံတွဲမှာလဲမကျင်းပနိုင်ဘူး။ အမျိုးသားနေ့ အခမ်းအနား ပွဲမကျင်းပနိုင်တာက ကမန် အမျိုးသားတွေရဲ့ စီးပွားရေးနဲ့ ဆိုင်သလိုနိုင်ငံရေးနဲ့ဆိုင်တယ်” ဟုပြောသည်။

ကမန်လူမျိုး၏  စီးပွားရေးအခွင့်အလမ်းများမှာ ယခက်ကထက် နည်းပါးလာပြီး နိုင်ငံရေးအခြေအနေအရလည်း ကျင်းပရန် မဖြစ်နိုင်ကြောင်း၊ သို့သော်လည်း စစ်တွေမြို့နယ်တွင် ပျော်ပွဲရွှင်ပွဲများကို အကျဉ်းချုံး ကျင်းပသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

blob











“စစ်တွေက သက်ကယ်ပြင်၊ သာယာကုန်းရွာမ၊ သင်္ကန်းနက်စတဲ့ရွာတွေမှာ အကျဉ်းချုံ့ကျင်းပဖို့စီစဉ်ထားတယ်။ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲလေးပါ။ အခုကဖုန်းလိုင်းတွေပြတ်နေတယ်။ အဲဒီရွာသုံးရွာမှာတော့ လုပ်ဖြစ်မယ်”ဟု ပြောသည်။

လက်ရှိတွင်ရန်ကုန်ရောက်ကမန်လူမျိုးများစုပေါင်းကာဦးဆောင်အဖွဲ့တစ်ခုဖွဲ့စည်းရန်ကြိုးပမ်းနေကြောင်းရန်ကုန်ရောက် ကမန်များသည် မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီ၊ ထောက်ကြံ့၊ ဘွက်ကြီး၊ သမိုင်း၊  သာကေတ မြို့နယ်များတွင်အဓိကနေထိုင်လျက်ရှိကြောင်းသိရသည်။

နောက်ထပ်ကမာန်အမျိုးသားတစ်ဦးက”ကျောက်ဖြူဆိုလည်း ကမန်ကနည်းသွားပြီ။ ရမ်းဗြဲဆိုလည်း မရှိတော့ဘူး။ သံတွဲမှာ၁၉ ရွာရှိတယ်။ အများစုက လယ်ယာကိုင်းကျွန်းလုပ်ကိုင်စားကြတယ်။ ကျွန်တော်တို့ လူမျိုးတွေက အများစုက ဆင်းရဲကြတယ်။ မြို့ပေါ်နဲ့ ရေလုပ်ငန်းလုပ်တဲ့သူတွေကဘဲ ရန်ကုန်မြို့ပေါ် ရောက်လာတယ်။ ကျန်ခဲ့သူတွေကတော့ဟိုရွာကနေဒီရွာကူးဒီရွာကနေ ဟိုရွာကူးနဲ့ ဒုက္ခမျိုးစုံပေါ့။ ရန်ကုန်ရောက်တဲ့ ကမန် တွေကလည်း အလုပ်အကိုင် အခွင့်အလမ်းနည်းတော့ အဆင်မပြေကြဘူး။ နေစရာမှာလည်း ကိုယ့်လှေကိုယ်ခတ်၊ကိုယ့်အမျိုးကိုယ်ကူညီရတဲ့ သဘောပဲရှိတယ်။ အဖွဲ့အစည်းနဲ့ ကူညီလို့မရဘူး။ အဲဒီ အခြေအနေမှာ ကမန်အမျိုးသားနေ့ ဘယ်ကလာလုပ်နိုင်မလဲ”ဟုပြောသည်။

စစ်တွေမြို့တွင် သက်ကယ်ပြင်၊ သာယာကုန်းရွာမ၊ သင်္ကန်းနက်စသည့် ကမာန်ရွာ၃ရွာတွင် ကမန်လူမျိုးများ သီးသန့်နေထိုင်ကြပြီးသံတွဲ၊ကျောက်ဖြူ၊ရမ်းဗြဲမြို့မှာကမန်များနေထိုင်ကြသည်ဟုသိရသည်။

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ကမန်လူမျိုးများနေထိုင်သည့် ကျေးရွာများကျန်ရှိနေသေးပြီးအများစုမှာစစ်ဘေးရှောင် နေကြရသည်ဟုသိရသည်။

ကမန်လူမျိုးများသည်ရခိုင်မျိုးနွယ်စုဝင်တိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးတွင်လူဦးရေ ၁၅၀၀၀ခန့်သာ ရှိပြီး၎င်းတို့၏ဇာတိမြေရခိုင်ပြည်တွင်လည်းရခိုင်မျိုးနွယ်စုဝင်လူမျိုးတစ်မျိုးဖြစ်ပါလျှက်ခွဲခြားဆက်ဆံခံရမှုများရှိသလိုရန်ကုန်သို့စစ်ဘေးရှောင်လာရာတွင်လည်းခွဲခြားဆက်ဆံခံနေရသည်ဟုဆိုသည်။

ရန်ကုန်တွင်စစ်ရှောင်နေရသောကမန်အမျိုးသမီးဒေါ်ခင်မေဖြူက“အရင်ကတော့ကျွန်မတို့ ကမန်လူမျိုးတွေက အထိမ်းအမှတ်နေတွေဆို ရန်ကုန်မှာအကြီးအကျယ်ပွဲလုပ်တာ နိုင်ငံတော်အဆင့်လူကြီးတွေ၊ တခြား ရခိုင် တိုင်းရင်းသား  ရပ်မိရပ်ဖတွေပါတက်တာ မိတ်ဆုံစားပွဲတွေ၊ ရိုးရာအစားအစာတွေနဲ့ စည်ကားခဲ့ပါတယ်။ အခုတော့ဘယ်လိုမှ မကျင်းပနိုင်တော့ဘူး” ဟုပြောသည်။

ရန်ကုန်တွင်စစ်ဘေးရှောင်နေကြရသည့်ကမန်လူမျိုးဦးရေသည်၂၀၀၀ခန့်ရှိနိုင်ကြောင်းကမန်အရေး ဆောင်ရွက်နေသူများက ဆိုသည်။

ရန်ကုန်ရောက်ကမန်များသည်ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့်အသက်အန္တရာယ်ကြားမှ ထွက်ပြေးပြီးရန်ကုန်မြို့သို့ စစ်ရှောင်လာသော်လည်း အလုပ်အကိုင်မရှိခြင်းကြောင့် ခက်ခဲစွာ ဖြတ်သန်းနေရကြောင်းသိရသည်။

#လူမှုရေးရာ#ဂျန်ဒါ#ကမန်လူမျိုး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.