နိရဉ္စရာ၊ ဒီဇင်ဘာ ၈/၂၀၂၄
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ယနေ့ နံနက်တွင် ဂွမြို့အဝင် ရဟိုင်းကွင်းအနီးက ရွှေနန်းခိုင်စေတီမှာ တိုက်ပွဲဖြစ်ပွားနေကြောင်းသတင်းရရှိသည်။
ဒေသခံ တစ်ဦးက “အခုထိ တိုက်ပွဲပြင်းထန်နေပါတယ်။ ရဟိုင်းကွင်းဆိုတာက ဂွမြို့နဲ့ ၃ မိုင်ကျော် လေးမိုင်လောက်ဘဲ ဝေးပါတယ်။ အခု ရဟိုင်းကွင်းရွာအနီးက ရွှေနန်းခိုင်စေတီနားမှာ ဖြစ်နေပါပြီ” ဟု နိရဉ္စရာကို ပြောသည်။
တိုက်ပွဲမှာ စည်ပင်ရွာမှ စက်မှုအထက်တန်းကျောင်းတွင် ဖြစ်ပွားခဲ့ပြီး ၎င်းနေရာမှ တစ်ဆင့် ရွှေနန်းခိုင်စေတီထိ ရောက်လာသဖြင့် ဂွမြို့နှင့် အလွန်နီးကပ်နေပြီဖြစ်ကာ လက်နက်ငယ် ပစ်သံများကိုလည်း ဂွမြို့ကနေ ကြားနေရသည်ဟုဆိုသည်။
ရွှေနန်းခိုင်စေတီသည် စည်ပင်ကြားနှင့် ရဟိုင်းကွင်းကြားတွင် တည်ရှိပြီး သေနတ်သံများကို ယင်းနေရာက အများဆုံးကြားနေရသည်ဟုဆိုသည်။
“ ဒီနေ့ မနက်ထိတော့ ခမရ ၅၆၂ နဲ့ ၅၆၃ အပါအဝင် ပင်လယ်ထဲက နေဗီက လက်နက်ကြီးနဲ့ ပစ်ကူမှုတွေ ပြုလုပ်နေပါတယ်။ လေယာဉ်ကတော့ ဒီနေ့ မလာသေးဘူး။ ဒါပေမယ့် ဘယ်ကနေ တိုက်တိုက် ဘယ်လိုမှ အေအေ ထိုးစစ်ကို တားလို့မရဘူးဖြစ်နေတယ်”ဟု ပြောသည်။
တိုက်ပွဲ ဂွမြို့အနီးထိ ရောက်ရှိလာပြီဖြစ်သဖြင့် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များလည်း ရုပ်သိမ်းကာ တပ်ရင်းထဲသို့ ဆုတ်ခွာသွားကြပြီဟု သိရသည်။
ယနေ့နံနက်ကလည်း စစ်ကား ၃ စီးရိုးပေါ်သို့ တက်သွားခဲ့သဖြင့် စစ်ကောင်စီတပ် အရာရှိကြီးများနှင့် ဒဏ်ရာရ စစ်သားများကို ဧရာ၀တီတိုင်းသို့ ပို့ဆောင်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
အာရက္ခတပ်တော်သည် လက်ရှိတွင် မောင်တောမြို့ ရှိ နခခ (၅) အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်သလို အမ်းမြို့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)မှ အပ တပ်ရင်း တပ်ဖွဲ့ ၃၀ ကျော်ကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။