Preview

မောင်တောနခခ(၅)မှထွက်ပြေးသွားသည့်ဗိုလ်မှူးချုပ်သူရိန်ထွန်းကိုအရာရှိစစ်သည်များအပါအဝင် မွတ်ဆလင်လက်နက်ကိုင် ၈၀ ကျော်နှင့်အတူလက်ရဖမ်းဆီးမိ

နောင်မင်းသူ | ဒီဇင်ဘာ ၀၉/ ၂၀၂၄ | ကြည့်ရှုသူ :13811
ရခိုင် သတင်း

နောင်မင်းသူ၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၉ /၂၀၂၄

အာရက္ခတပ်တော်( AA) တိုက်ခိုက် သိမ်းပိုက်လိုက်သည့် မောင်တောမြို့နခခ(၅)တပ်ရင်းမှထွက်ပြေးသွားသည့်စကခ(၁၅) တပ်မမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းအား အရာရှိစစ်သည်များအပါအဝင် မွတ်ဆလင် လက်နက်ကိုင် စစ်သား ၈၀ ကျော်နှင့်အတူ  ဒီဇင်ဘာလ ၈ ရက် ညနေ ၅ နာရီခန့်၌ မောင်တောမြို့သီဟိုဠ်ခြံအနီး၌အာရက္ခတပ်တော် (AA)ကလက်ရဖမ်းဆီးမိခဲ့ကြောင်းဒေသအတွင်းစစ်ရေး သတင်းရင်းမြစ်ထံမှသိရသည်။

"သူရိန်ထွန်းတို့အရာရှိအဖွဲ့ကသီဟိုဠ်ခြံဖက်ကို မွတ်ဆလင်စစ်သား ၈၀ ကျော်နဲ့ ထွက်ပြေးတိမ်းရှောင်ပုန်းခိုနေကြတာ။AAဖက်က ပိုက်စစ်တိုက်ရှာဖွေဝိုင်းဝန်းတိုက်ခိုက်ပြီးလက်ရဖမ်းဆီးနိုင်ခဲ့ကြတယ်"ဟုသတင်းရင်းမြစ်ကပြောသည်။

ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့် မွတ်ဆလင်စစ်သားများအပါအဝင် အင်အား ၁၀၀ ကျော်ခန့်သည် နခခ(၅) ရှေ့တည့်တည့်မြောက်ဘက်ခြံစည်းရိုးအပေါက်မှ ‌ကားလမ်းကိုကျော်ပြီးဇူလမွတ်ဆလင်ကျေးရွာကိုဝင်ရောက်ပြီး  ယင်းရွာမှတစ်ဆင့်ရွာနှင့်တစ်ဆက်တည်းရှိသည့် သီဟိုဠ်ခြံသို့ ဝင်ရောက်ကာ ယင်းမှ တစ်ဆင့် နတ်မြစ်သို့ လှေဖြင့် ထွက်ရန်စီစဉ်ခဲ့ကြသည်ဟု၎င်းကဆက်လက်ပြောကြားသည်။

“ သူတို့က  သီဟိုဋ်ခြံကနေတစ်ဆင့်ကျီးကန်းပြင်တောင်ရွာကချောင်းအတိုင်းနတ်မြစ်ကိုထွက်ဖို့စီစဉ်တာလို့သိရပါတယ်။အဆင်မပြေလို့သီဟိုဠ်ခြံမှာဝင်ပုန်းတာ။မောင်တောမြို့ထဲမှာလည်းAA တပ်သားတွေအပြည့်၊  မောင်နီ၊  မကျည်းချောင်း၊အောင်ဗလချောင်း၊အကုန်လုံးAA ကပိတ်ဆို့ထားတယ်။တစ်နေရာလည်းသွားလို့မရတာကြောင့်သီဟိုဠ်ခြံကနေကျီးကန်းပြင်တောင်ရွာချောင်းအတိုင်းဆင်းဖို့လုပ်တာမှာတိုက်ပွဲဖြစ်ပြီးလက်နက်ချအဖမ်းခံတာပါ”ဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားသောနေရာသည်အာဆာအဖွဲ့အဝင်အထွက်လုပ်သောနေရာဖြစ်ပြီးယခင်ကျောင်းဆရာမတစ်ဦးအာဆာအဖွဲ့ကခြုံခိုတိုက်ခိုက်၍  သေဆုံးခဲ့သည့်နေရာအနီးတွင်ဖြစ်သည်ဟု  ပြောဆိုသည်။

လက်ရှိတွင် သူရိန်ထွန်းနှင့် အရေးကြီးသော စစ်အရာရှိ တချို့အား AA က ကားတစ်စီးဖြင့် လုံခြုံသည့် နေရာသို့ ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရသည်။

“သူရိန်ထွန်းနဲ့ မွတ်ဆလင်လက်နက်ကိုင် ၈၀ ကျော်ကခုခံပေမယ့် AA အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်တော့ ဘယ်လိုမှ မတတ်နိုင်တော့ နောက်ဆုံး လက်နက်ချလိုက်ရတယ်။ သေဆုံး ဒဏ်ရာရသူတွေ ရှိမယ်ထင်ပါတယ်။ မနိုင်တဲ့အဆုံး လက်နက်ချရတဲ့ အနေအထားလို့ သိရပါတယ်။ အခုတော့ လုံခြုံတဲ့ နေရာကို ကားနဲ့ ခေါ်သွားပါပြီ ” ဟု ပြောသည်။  

မောင်တောအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၅)ကို ဒီဇင်ဘာလ (၈) ရက်နေ့၊  နံနက် (၉) နာရီ (၃၀) မိနစ်အချိန်တွင်အပြီးသတ်ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ကြောင်းအာရက္ခတပ်တော်က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

နခခ(၅) စခန်းတွင်းမှ စစ်ကောင်စီတပ်သားများနှင့် မွတ်ဆလင် လက်နက်ကိုင်များသည် စခန်းကို စွန့်ခွာကာ ဖရိုဖရဲထွက်ပြေးသွားခဲ့ကြသဖြင့် အာရက္ခတပ်တော်က  မောင်တောမြို့အနီးဝန်းကျင်နှင့် နတ်မြစ်ကမ်းခြေတစ်လျှောက်တွင် လိုက်လံရှင်းလင်း တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။  

၎င်းထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နတ်မြစ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ထွက်ပြေးသွားနိုင်သဖြင် ရခိုင်ပြည်ဘက် အခြမ်း နတ်မြစ်အတွင်း  ခရီးသွားလာမှုကိုလည်း ဒီဇင်ဘာ ၈ ရက်နေ့ကစပြီး ရက်အကန့်အသတ် မရှိ ပိတ်ပင်ကြောင်း AA က  သတင်း ထုတ်ပြန်ထားသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.