လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၁၀ / ၂၀၂၄
မောင်တောမြို့ မှ နောက်ဆုံး လက်ကျန် နယ်ခြားစောင့်ရဲတပ်ခွဲ နခခ (၅) ကို အာရက္ခတပ်တော်(AA) မှ သိမ်းပိုက်ရရှိမှုသည် နိုင်ငံရေးနှင့် စစ်ရေးအရ ကြီးမားသော အောင်ပွဲတစ်ရပ်ဖြစ်သည်ဟု မြန်မာ့ စစ်ရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများကနိရဉ္စရာသတင်းဌာနသို့ပြောဆိုလိုက်သည်။
စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ ကြည်းကြောင်းကိုပါ အသုံးပြုပြီး ခေတ်မီလက်နက်များကို ထုတ်သုံးကာ နခခ (၅) မကျစေရန် ကျားကုတ်ကျားခဲ ကြိုးပမ်းခဲ့သော်လည်း အာရက္ခတပ်တော်သည် အဆိုပါ (နခခ-၅) ကို၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ (၈) ရက်နေ့၊နံနက် (၉) နာရီ (၃၀) မိနစ်အချိန်တွင်အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်။
မောင်တောမြို့သည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်း ကပ်ရပ်တည်ရှိပြီး နိုင်ငံတကာကပါ အထူးအာရုံ စိုက်ခံထားရသည့် မြို့ဖြစ်သာမက ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်သည့် နတ်မြစ်၀တွင်တည်ရှိသဖြင့် စစ်ရေးနှင့် ပထဝီအနေအထားအရပါ အလွန်အရေးပါသော မြို့တစ်မြို့ဖြစ်သည်။
မောင်တောမြို့ အပါအဝင် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် မိုင်ပေါင်း ကီလိုမီ ၂၇၁ (၁၆၈ မိုင်) ရှည်လျားသည့်ဘင်္ဂလာ- မြန်မာ နယ်စပ်နယ်စပ်ကိုသာမက အိန္ဒိယနယ်စပ်ထိပါ အာရက္ခတပ်တော် (AA)က ထိန်းချုပ်လိုက်နိုင်ခြင်းသည် နိုင်ငံရေး စစ်ရေးအရ ဂုဏ်သိက္ခာမြင့်မားသည့် အောင်ပွဲကိုရရှိလိုက်ခြင်းပင်ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ပြောဆိုကြသည်။
နိုင်ငံရေး စစ်ရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင်က “စစ်ရေးအရတော့တော်တော်အောင်မြင်မှုပါ။ ဒါက ရခိုင်စီးပွားရေးမှာ အဓိကကြတဲ့နေရာကိုရတာပါ။ အဲလိုလုပ်နိုင်တော့ စစ်ကောင်စီအတွက်တော့ အတော် အကြပ်ရိုက်သွားပါတယ်။ ဒီဒေသကို ဒီလိုသိမ်းပိုက်ဖို့ အာရက္ခတပ်တော်ကလအချို့ ကြိုးပမ်း တိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးအရအောင်ပွဲလည်းကြီးမားတယ်လို့ဆိုနိုင်ပါတယ်”ဟုပြောသည်။
နယ်စပ်မြို့မောင်တောမြို့ကိုသိမ်းပိုက်နိုင်ခဲ့သဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်မလွဲမသွေထိတွေ့ဆက်ဆံလာရမည်ဖြစ်ပြီးထိုမှတစ်ဆင့်နိုင်ငံတကာထိပါဆက်သွယ်ရေးလမ်းကြောင်းများလည်းပွင့်သွားနိုင်တဲ့အထိအခွင့်အရေးများရှိနေသည်ဟုလည်းလေ့သုံးသပ်မှုများရှိသည်။
ဦးသန်းစိုးနိုင်က“ရခိုင်ကစစ်ကောင်စီရဲ့ နခခ၅ကို အေအေက သိမ်းပိုက်လိုက်ပြီဆိုတဲ့ အခါကျတော့ ရခိုင်မှာ စစ်ကောင်စီကင်းစင်ရေး ဆိုတဲ့အရက္ခတပ်တော်ရဲ့ရည်မှန်းချက်တဆင့်ပြည့်မှီသွားတာပေါ့ဗျာ။အဲ့ဒါကြောင့် မောင်တောကရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ နယ်စပ်ဒေသကုန်သွယ်ရေးဖြစ်တဲ့ အခါကျတော့ အဲ့ဒါတွေအတွက် ဒေသဆိုင်ရာ ညှို့နှိုင်းမှုတွေ၊ ဆွေးနွေးမှုတွေ ဆက်လုပ်ကြလိမ့်မယ်လို့ထင်ပါတယ်။ ဒေသဆိုင်ရာ ဆွေးနွေးမှုတွေတော့ လုပ်ရတော့မှာပါ” ဦးသန်းစိုးနိုင်ကပြောသည်။
အာရက္ခတပ်တော်မှ မောင်တောမြို့အား သိမ်းပိုက်ရရှိမှုသည် နိုင်ငံရေး၊ စစ်ရေးသာမက စီးပွားရေးအရပါ အလွန်အရေးပါသဖြင့် စစ်ကောင်စီအနေဖြင့် ကြီးမားဆုံး ရှုံးမှုဟုလည်း ပြောဆိုကြသည်။
CDMဗိုလ်ကြီးဇင်ယော်က “ စစ်ရေးအရ တစ်ခုတည်း ပြောရမယ်ဆိုရင်တော့ အရက္ခတပ်တော်ရဲ့ အောင်မြင်မှုက ၁၀၀ရာခိုင်နှုန်းအောင်မြင်မှုပါ။ နခခ၅ကို သူတို့ စစ်တပ်က ခံစစ်ပေါ့နော်။ တကယ် အင်အား တောင့်တင်းတဲ့နေရာပါ။ မြေပြင်အနေအထားအရ ဆိုရင်လည်းတောင့်တင်းတယ်။ လေကြောင်းကဆိုရင်လည်း ထောက်ပံ့မှုတွေရှိခဲ့တယ်။ ပြီးရင်ရေကြောင်းလည်း ရှိတယ်ပေါ့နော်။ မြေပြင်ကတော့ ထောက်ပံ့မှုတွေ မရှိတော့ဘူးပေါ့။ တကယ်တန်းပြောရမယ် ဆိုရင်နခခက၅ကစစ်စရိတ်နဲ့ တွက်ရင်တောင်မှပဲ စစ်ရှုံးနေပါပြီ” ဟုပြောသည်။
စစ်ကောင်စီသည် နခခ (၅) ကို စွန့်လွှတ်လိုက်ရသဖြင့် စစ်ရေးသာမက နိုင်ငံရေးဂုဏ်သိက္ခာပါထိခိုက်ကာ စစ်စရိတ်သုံးစွဲမှုကလည်း ကုဋေနဲ့ချီပြီး အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။
“ကျွန်တော်တို့ကတော့ အဲ့လိုပဲ တွက်တာပေါ့။ နိုင်ငံရေး၊ စစ်ရေး ဂုဏ်သိက္ခာကိုပါ ထိခိုက်တဲ့အပြင် တိုက်တဲ့ စစ်စရိတ်ကလည်း အကြီးအကျယ် ကုန်ကျခံခဲ့တာပေါ့နော်။ အပါ်က လေယာဉ်နဲ့ ပို့လိုက်တဲ့ဆန်တအိတ်ကျည်ဆံတွေထက် လေယာဉ် ဆီဖိုးက ပိုများတယ်။ အကြိမ်ရေများစွာပို့ရတော့ အကြီးအကျယ် ကုန်ကျများတဲ့ စစ်ပွဲဘဲ။ လေယာဉ်နဲ့ ဟင်းထုတ်တွေကိုတောင်လာပို့ရတော့ ကုန်ကျတဲ့ လေယာဉ်ဆီဖိုး တန်ကြေးက အရမ်းများခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီက စစ်စရိတ်ကို ပြန်တွက်တာပေါ့နော်။ ဘယ်လောက်ထိ ကြီးမားခဲ့တယ်ဆိုတာ သိပါလိမ့်မယ်။
လက်ရှိ ဘင်္ဂလာဒေ့ရှ်နယ်စပ် တစ်လျှောက်ကို အာရက္ခတပ်တော်က သိမ်းယူလိုက် ပြီဖြစ်သဖြင့် နယ်စပ် ကုန်သွယ်ရေးလမ်းလည်းပွင့်သွားပြီး AA နှင့် ဘင်္ဂလားဒေ့ရှ် အစိုးရ တိုက်ရိုက် ဆက်သွယ် စကားပြောရတော့မည်ဟု ဗိုလ်ကြီးဇင်ယော်ကပြောသည်။
“နခခ၅ကိုသိမ်းလိုက်နိုင်တဲ့အတွက်ဘင်္ဂလားဒေ့ရှ်နဲ့နယ်စပ်ကုန်သွယ်ရေးလမ်းပွင့်သွားပြီလို့ပြောရမှာ ဖြစ်ပါတယ်။ နတ်မြစ်တကြောကိုလည်း စစ်ကောင်စီစခန်းတစ်ခုမှ မရှိတော့ပါဘူး။ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ အာရက္ခတပ်တော်တို့ တိုက်ရိုက်စကားပြောနိုင်မယ့် အနေအထားမျိုးဖြစ်သွားပြီ။ သို့ပေမယ့် အရက္ခတပ်တော် ကတော့ထုတ်ပြန်ကြေညာချက်ထဲမှာလဲပါပါတယ်။ မောင်တောတစ်ခုလုံး တည်တည်ငြိမ်ငြိမ် ဖြစ်ဖို့ကတော့အာဆာအပါအဝင်တခြား လက်နက်ကိုင်တွေကို ရှင်းလင်းရေးလုပ်ရအုံး ကာလတစ်ခုတော့ရှိအုံးမယ်လို့ ထင်ပါတယ်”ဟု ပြောသည်။
လက်ရှိတွင် အာရက္ခတပ်တော်သည် မောင်တောနခခ - ၅စခန်းသိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးသွားခဲ့သည့် အမှတ်၁၅စစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့် အရာရှိအများအပြားကို ဖမ်းဆီးရမိထားပြီး လက်နက်အများအပြားကိုလည်း သိမ်းဆည်းရမိထားသည်ဟု သိရသည်။
အာရက္ခတပ်တော်သည်မောင်တောမြို့နယ်ထိုးစစ်ဆင်တိုက်ခိုက်မှုကို၂၀၂၃ခုနှစ်နိုဝင်ဘာ၁၆ရက်နေ့တွင်စတင်ခဲ့ပြီးမောင်တောမြို့နယ်မြောက်ပိုင်းမှ ဒုံးညို"နယ်ခြားစောင့်တပ်စခန်းကိုနိုဝင်ဘာ ၁၇ ရက်နေ့တွင်သိမ်းပိုက်ခဲ့သည်။၎င်းနောက် မောင်တောမြို့နယ်ရှိ စစ်စခန်းများအားလုံးကို သိမ်းပိုက်ပြီး နခခ (၅) အား သုံးလနီးပါး ၀ိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အာရက္ခတပ်တော် လက်ရှိတွင် မောင်တောမြို့နယ် အပါအဝင် ကျောက်တော်၊မြောက်ဦး၊ပေါက်တော၊မင်းပြား၊မြေပုံ၊ပုဏ္ဏားကျွန်း၊ရသေ့တောင်၊ရမ်းဗြဲ၊ဘူးသီးတောင်နှင့် သံတွဲ၊စသည့်မြို့များကိုအာရက္ခတပ်တော်ကထိန်းချုပ်ထားသည်။ထို့အပြင်ပလက်ဝမြို့နယ်ဒေသတစ်လုံးလုံးကိုလည်းအာရက္ခတပ်တော်ကသိမ်းပိုက်ထိန်းချုပ်ထားသည်။
--