Preview

တောင်ကုတ်တပ်မကို အင်အားအလုံးအရင်းဖြင့် AA ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် တပ်မအတွင်းမှ တပ်ရင်းမှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်သားရာနှင့်ချီပြီးအလံဖြူထောင် လက်နက်ချ

သဉ္ဇာနွယ် | ဒီဇင်ဘာ ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :7805
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၁၃/၂၀၂၄

တောင်ကုတ် စကခ(၅)တပ်မတွင် တိုက်ပွဲပြင်းနေစဉ် ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့နံနက်ပိုင်းကတပ်မအတွင်းမှတပ်ရင်မှူးအဆင့်အပါအဝင်  စစ်ကောင်စီတပ်သားရာနှင့်ချီ မှာ အာရက္ခတပ်တော်ထံ အလံဖြူထောင်လက်နက်ချအညံ့ခံလာကြသည်ဟု စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူ တောင်ကုတ်မြို့ခံ အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

" တပ်မအထဲမှာက တိုက်ပွဲပြင်းထန်နေတုန်း။ အာရက္ခတပ်တော်ကအင်အားအများကြီးနဲ့ဝင်တိုက်တာ ၅ရက်လောက်ပဲကြာတယ်။လက်နက်ချအလံဖြူထောင်လာကြတယ်။အခုလက်နက်ချအလံဖြူထောင်တဲ့အထဲမှာ တပ်ရင်းမှူးအဆင့်တွေပါတယ်။ဦးရေကတော့ရာနဲ့ချီပဲ " ဟုပြောသည်။

တောင်ကုတ်မြို့ အခြေစိုက် စကခ(၅)ကို အလံဖြူထောင်လက်နက်ချရန် အာရက္ခတပ်တော်ကပြောကြားထားပြီး တစ်ပတ်ခန့်စောင့်ကြည့်နေသော်လည်းထူးခြားမလာသဖြင့်ဒီဇင်ဘာ ၉ ရက်နေ့နံနက်ကစတင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက်  ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချလာခြင်းဖြစ်ကြောင်း တောင်ကုတ်ဒေသခံစစ်ရေးသတင်းအရင်းအမြစ်ထံမှသိရသည်။

တိုက်ပွဲအတွင်း စကခ(၅) တပ်မအတွင်း လက်နက်ကြီးကျည်များထိမှန်၍ အဆောင်များ မီးလောင်နေသလို စစ်ကောင်စီလေယာဉ်များဖြင့် ဗုံးကြဲ၍ အပျက်အစီးများနေသည်ဟုလည်း သိရသည်။

စကခ(၅)ဝန်းကျင်နှင့်အနီးအနားကို  ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့သည်ဟု တောင်ကုတ်ဒေသခံ စစ်ဘေးရှောင်အမျိူးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

" တောင်ကုတ်က တပ်ရင်းတွေနဲ့ တိုက်ပွဲစဖြစ်ကတည်းက စစ်ကောင်စီကဗုံးကြဲတာတွေဆက်တိုက်ရှိတယ်။ ဒီနေ့ညနေလည်း စကခ(၅)အနီးအနားဝန်းကျင်တွေကိုဗုံးလာကြဲတယ်" ဟုပြောသည်။

တောင်ကုတ်မြို့၏ နောက်ဆုံးလက်ကျန် စကခ(၅)ဌာနချုပ်ကို အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသည့်သတင်းထွက်ပေါ်နေသော်လည်း နိရဉ္စရာအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။

တောင်ကုတ်မြိုပတ်ဝန်းကျင်ရှိ  စစ်ကောင်စီ၏ စခန်းများအားလုံးကို သိမ်းပိုက်ရယူပြီးနောက် တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးများဖြစ်ကြသော စကခ (၅) တပ်မဌာနချုပ် နှင့် စကခ (၅)လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆) နှင့် ခမရ (၅၄၄)တပ်ရင်းဌာနချုပ် စခန်းများကို မိမိတိုမှ တစ်ပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်း နိုဝင်ဘာလ (၂၈) ရက်တွင်အေအေကထုတ်ပြန်ထားသည်။

စကခ(၅)လက်အောက်ခံ   ခမရ(၅၃၄)နှင့် (၃၄၆)တပ်ရင်းနှစ်ရင်းကိုဒီဇင်ဘာအစပိုင်းက သိမ်းပိုက်ထားပြီဖြစ်ပြီး တချို့မှာလက်နက်ချအညံ့ခံအလံဖြူထောင်ကာ တချို့တပ်သားများမှာ ထွက်ပြေးလျက်ရှိကြောင်းသိရသည်။

(ဓာတ်ပုံ- ဘူးသီးတောင်တိုက်ပွဲအတွင်း လက်နက်ချခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ/ပုံဟောင်းသာ)

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.