နိရဉ္စရာ၊ ဒီဇင်ဘာ ၁၃/ ၂၀၂၄
ဂွဒေသခံ တစ်ဦး “ ဒီနေ့ ည ၅ နာရီမှာ ခမရ ၅၆၃ ကို အေအေ စတင်ထိုးစစ်ဆင်တိုက်ခိုက်တယ်။ တိုက်တဲ့နေရာက တပ်ရင်းနောက်ကြောဘက်ကနေ ဒရုန်းနဲ့ စတင်တိုက်ခိုက်တယ်။ စစ်တပ်က တူးအိုင်စီ အရာရှိတစ်ဦး ဒရုန်းထိမှန် သေဆုံးတယ်လို့ သတင်းရတယ်”ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားရာ နေရာအနီးဝန်းကျင်သို့ ခမရ ၅၆၂ အပါအဝင် အမြောက်တပ်ချထားသည့် နေရာများ နှင့် ဂွချောင်း၀တွင် ရပ်နားထားသည့် နေဗီက လက်နက်ကြီးများ လှမ်းပစ်ခတ်နေသဖြင့် တိုက်ပွဲမှာ သေနတ်သံများဖြင့် ဆူညံနေသည်ဟု ဂွဒေသခံပြောဆိုသည်။
ဂွမြို့တွင် ခမရ (၅၆၂) နှင့် (၅၆၃) တပ်ရင်းနှစ်ရင်းသာတည်ရှိပြီး AAက အလွယ်တကူ ဝင်ရောက် သိမ်းပိုက်သွားနိုင်မည့် အခြေအနေရှိနေသည်ဟု ၎င်းက ပြောသည်။
“ ဂွမြို့ကို စစ်ကူပေးဖို့ လွှတ်လိုက်တဲ့ စစ်သားတွေထဲမှာ သင်တန်းဆင်း စစ်မှုထမ်းပြည်သူ့ စစ်တွေပါတယ်။ သူတို့က တစ်ချိန်လုံး မူးနေကြတာ။ ကျန်တဲ့ စစ်သားတွေလည်း စစ်မတိုက်ချင်ကြတော့ဘူး။ အဓိက တပ်ကြပ်၊ အကြပ်စစ်သားတွေက စိတ်ဓာတ်တွေပျက်သွားတော့ စစ်တပ်က ဖရိုဖရဲဖြစ်သွားတာပေါ့” ဟု ဂွဒေသခံက သုံးသပ်ပြောဆိုသည်။
အာရက္ခတပ်တော်အေအေသည် သံတွဲမြို့ အခြေစိုက် မောင်ရွှေလေးရေတပ်ကို စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၆နာရီတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဂွမြို့နယ်သို့ စတင်ချီ တက်တိုက်ခိုက်လာရာ လမ်းတစ်လျှောက်ရှိ စစ်စခန်းများအားလုံးကို သိမ်းပိုက်ကာ ၃ လကျော်အကြာတွင် ဂွမြို့ပေါ်ရှိ တပ်ရင်း ၅၆၃ ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်။
ဂွမြို့နယ်သည် ဧရာ၀တီတိုင်း ငသိုင်းချောင်း၊ ကျုံပျော်မြို့နယ်များနှင့်သာမက ရွှေသောင်ယံ၊ ငွေဆောင်၊ ချောင်းသာနှင့် ပင်လယ်ကမ်းခြေ နယ်စပ်ချင်းထိစပ်နေပြီး ဂွမြို့ကျပါက အဆိုပါဒေသများထိ AA ဝင်ရောက်လာနိုင်သဖြင့် လုံခြုံရေးတိုးမြှင့်ကာ ဧည့်စာရင်းစစ်ခြင်း၊ ကင်းပုန်းဝပ်ခြင်းများကို နေ့စဉ်နေ့တိုင်း ပြုလုပ်နေသည်ဟု သိရသည်။ သတင်းပေးပို့-CJ/ဓာတ်ပုံ- ပထမဆုံးလက်လွှတ်လိုက်ရသည့် ရခိုင်မှ အရေးပါသည့် မောင်ရွှေလေးရေတပ်)