Preview

တောင်ကုတ်စကခ ၅ ကို AA အပြီးသတ်သိမ်းပိုက်

ခိုင်လူလှ (ရိုးမမြေ) | ဒီဇင်ဘာ ၁၅/ ၂၀၂၄ | ကြည့်ရှုသူ :3261
ရခိုင် သတင်း

(တောင်ကုတ်အပါအဝင် ရခိုင်က မြို့နယ် ၁၂ ခု AA လက်ထဲ ကျရောက်)

နိရဉ္စရာ၊ ဒီဇင်ဘာ ၁၄/၂၀၂၄

စကခ (၅) ကို သိမ်းပိုက်ပြီးနောက် အာရက္ခတပ်တော် ( AA)သည် ရခိုင်ပြည်နယ် တောင်ဘက်က ခရိုင်မြို့ တစ်ခုဖြစ်သည့် တောင်ကုတ်ကို အပြီးသတ် ထိန်းချုပ်လိုက်ပြီဖြစ်သည်ဟု တောင်ကုတ် ဒေသခံ စစ်ရေး သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

“ စကခ ၅ က တပ်ရင်းမှူးတွေ ၊ စစ်တပ်အရာရှိ၊ အကြပ်တပ်သား အကုန်လုံး အလံဖြူထောင် လက်နက်ချလိုက်တော့ အေအေက ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် မနက်မှာ စကခ (၅) ကို အပြီးသတ် သိမ်းပိုက်လိုက်တာပါ” ဟု ၎င်းက ပြောသည်။

လက်နက်ချ အလင်းဝင်လာသည့် ရာနှင့်ချီရှိသည့် စစ်ကောင်စီတပ်သားများအား လုံခြုံရာသို့ အာရက္ခတပ်တော်က ခေါ်ဆောင်သွားပြီဟု သိရသည်။

အာရက္ခတပ်တော်သည် စစ်ကောင်စီ ခမရ (၃၆၄) နှင့် (၅၄၄) တပ်ရင်း တို့ကို ဦးစွာသိမ်းပိုက်ပြီးနောက် ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် နာမည်ကြီး စစ်ကောင်စီ အခိုင်အမာ တည်ဆောက်ထားသည့် စကခ (၅) ကို အောင်မြင်စွာ သိမ်းပိုက်ရရှိသွားခြင်းဖြစ်သည်။

ရခိုင်တွင် ဘူးသီးတောင် အခြေစိုက် စကခ( ၁၅)၊ ကျောက်တော် အခြေစိုက် စကခ(၉) နှင့် တောင်ကုတ် အခြေစိုက် စကခ (၅) ၃ ခုရှိရာ စကခ သုံးခုစလုံးကို AAက သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

အာရက္ခတပ်တော်သည် တောင်ကုတ်ခရိုင်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် အောင်တိုဘာ ၃၁ ရက်နေ့တွင် စတင်ခဲ့ပြီး တစ်လခွဲခန့်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

တောင်ကုတ်စကခ (၅) နှင့် ခမရ (၃၆၃)၊ (၅၄၄) တို့မှ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိပြီး ထိုအထဲတွင် ခေတ်မီ လက်နက်များ၊ ဒရုန်းများလည်း ပါဝင်သည်ဟု သိရသည်။

အဆိုပါ တောင်ကုတ်မြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်မှ ယနေ့အချိန်ထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

လက်ရှိ AA က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အမ်း အခြေစိုက် နပခ တိုင်းဌာနချုပ်ကိုလည်း အပြီးသတ် သိမ်းပိုက်လိုက်ပြီး သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေပြီး အမ်း နပခ သိမ်းပိုက်မှုနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်ကို အများပြည်သူများက စိတ်ဝင်တစ်စားဖြင့် စောင့်မျှော်လျက်ရှိနေကြသည်ဟု သိရသည်။   

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.