Preview

(၁၁)မျဉ်းစောင်းကိုင်ဆောင်ထားသည့် ရခိုင်စစ်ဘေးရှောင်များကို ငွေသောင်ယံမြို့နယ် ဧရိယာနယ်နမိတ်ထဲတွင် နေထိုင်ခွင့်မပြုတော့ဟုဆို

ခိုင်လူလှ (ရိုးမမြေ) | ဒီဇင်ဘာ ၁၅/ ၂၀၂၄ | ကြည့်ရှုသူ :2114
ရခိုင် သတင်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၁၅/၂၀၂၄

ဧရာ၀တီတိုင်း ပင်လယ်ကမ်းခြေ မြို့နယ်ခွဲတစ်ခုဖြစ်သော ငွေသောင်ယံတွင် စစ်ဘေးရှောင်နေကြသည့် ဂွမြို့နယ်မှ ၁၁ မျဉ်းစောင်းမှတ်ပုံတင်ကိုင်သည့် စစ်ဘေးရှောင်များအားလုံးကို စစ်ကောင်စီ အာဏာပိုင်များက အဆိုပါဒေသအတွင်း နေထိုင်ခွင့်မပြုတော့ကြောင်း သတင်းရရှိသည်။

စစ်ဘေးရှောင်တစ်ဦးက “ သူတို့က စစ်ရေးအခြေအနေကြောင့် ထင်ပါတယ်။ ၁၁ မျဉ်းစောင်းတွေ အကုန်လုံး ငွေသောင်ယံမြို့နယ်ထဲမှ နေထိုင်ခွင့်မပြုတော့ဘူး။ ဒီကနေ ထွက်ပေးရမယ်လို့ ပြောလာပါတယ်။ တိုက်ပွဲဖြစ်နေတော့ ကိုယ့်မြို့နယ်ကိုလည်း ပြန်လို့မရ။ ဒီမှာလည်း နေခွင့်မရဘူးဆိုရင် ရခိုင် စစ်ဘေးရှောင်တွေဘ၀ မျောက်သစ်ကိုင်းလွတ်သလိုဖြစ်နေကြရပြီ” ဟု ပြောကြားသည်။

ဂွမြို့နယ်သို့ ပြန်မည်ဆိုလျှင် ပြန်ခွင့်မပြုဘဲ ပိတ်ထားကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။

ငွေသောင်ယံမြို့နယ်ခွဲတွင် ရောက်ရှိနေသည့် ၁၁ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်ထားသည့် စစ်ဘေးရှောင်များ၏ အရေးကိစ္စကို ဆွေးနွေးရန် ယနေ့ နံနက် ၉ နာရီတွင် ချောင်းသာတွင် အစည်းအဝေး ခေါ်ယူခဲ့သည်ဟု သိရသည်။

“ ချောင်းသာမှာ အစည်းအဝေးလုပ်တယ်။ မနေရတော့ သွားစရာမရှိဘူးလို့ တင်ပြကြတယ်။ အခု ဖျာပုံမြို့နယ်ဘက်ရွှေ့ပေးမယ်လို့ ပြောတယ်။ ရွှေ့ပေးမယ်ဆိုရင်တော့ ကိုယ့်အိတ်စိတ် ပြောင်းရမယ်တဲ့။ အများစုက မတတ်နိုင်ကြဘူး။ မိမိအစီအစဉ်နဲ့ မိမိထွက်ခွာရမယ်ဆိုတော့ အကုန်သူ အခက်အခဲတွေ ရှိနေကြတယ်” ဟု ၎င်းက ပြောသည်။

ဧရာ၀တီတိုင်းထိ တိုက်ပွဲများကျယ်ပြန့်လာမည်ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့နေ၍ ငသိုင်းချောင်း၊ ရေကြည်၊ အသုပ်၊ ကျုံပျော်၊ အိမ်မဲ၊ ကျောင်းကုန်း၊ အင်္ဂပူကို စစ်ဘေးရှောင်ရန် ရောက်ရှိနေကြသည့် ရခိုင်လူမျိုးများအနေဖြင့်လည်း အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

“ ၁၁ မျဉ်းစောင်းဆိုရင် သူတို့က မယုံဘူးဖြစ်နေတယ်။ AA နဲ့ ဘာမှ ပတ်သက်တာလည်း မဟုတ်ဘူး။ ဒါပေမယ့် သူတို့ အပြန်ကြည့်တယ်။ ဒီမှာ နေတာ ဧည့်စာရင်းတိုင်ပြီး နေရတာ။ ဒါတောင် သူတို့က မယုံဘူးဖြစ်နေတာတွေရှိတယ်။

အာရက္ခတပ်တော်သည် ဂွမြို့ရှိ ခမရ (၅၆၃) အား စတင်ဝင်ရောက်တိုက်ခိုက်နေပြီး နောက်ထပ် တပ်ရင်း တစ်ခုဖြစ်သည့် ခမရ (၅၆၂) ကိုလည်း များမကြာမီ ဝင်တိုက်နိုင်ခြေရှိနေသည်ဟု ဆိုသည်။  ဂွမြို့ကို သိမ်းပြီးလျှင် ဧရာ၀တီတိုင်းရှိ ပင်လယ်ကမ်းခြေဘက်ထိ တိုက်ပွဲ ဖော်ဆောင်လာနိုင်သဖြင့် ငွေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်တို့တွင် လုံခြုံရေးတင်းကျပ်ထားပြီး အစစ်ဆေးလည်း များပြားနေသည်ဟု သိရသည်။

အထူးသဖြင့် ရေကြောင်းကနေ အာရက္ခတပ်တော် ဝင်လာမည်ကို ပိုစိုးရိမ်နေကာ ရခိုင်က စစ်ဘေးရှောင်များအား ပင်လယ်ပြင်သို့ထွက်ပြီး ငါးဖမ်းခွင့်ကိုလည်း တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသည်ဟု ပြောဆိုသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

#စစ်ဘေးရှောင်#စားဝတ်နေရေး#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.