နိရဉ္စရာ၊ ဒီဇင်ဘာ ၁၅/ ၂၀၂၄
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့ အခြေစိုက် ခမရ (၅၆၃) တပ်ရင်းကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်နေပြီး ခမရ (၅၆၃) တပ်ရင်းမှူး မိုင်းထိ သေဆုံးပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဂွမြို့ စစ်ရေးအခြေအနေကို အနီးကပ်စောင့်ကြည့်နေသူတစ်ဦးက “ ဂွမြို့အဝင် ၅၆၃ တပ်ရင်းအနီးမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်။ လေယာဉ်နဲ့ပါ အကြီးအကျယ်ချနေတာ။ ကြားရတာက ၅၆၃ တပ်ရင်းမှူး အေအေထောင်ထားတဲ့ မိုင်းထိပြီး သေတယ်” ဟု ပြောသည်။
ခမရ ၅၆၃ တပ်ရင်းမှူးမှာ တောဆင်ရိုင်းထိန်းသိမ်းရေးရုံးအနီးတွင် ကျဆုံးသွားခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“ သံတွဲဘက်ကလာရင်ဂွမြို့အဝင်မှာတောဆင်ရိုင်း ထိန်းသိမ်းရေးရုံးရှိတယ်။ အဲဒီရုံးနားက တိုက်ပွဲမှာ အေအေက ထောင်ထားတဲ့ ကပ်မိုင်းမိလို့ ၅၆၃ တပ်ရင်းမှူးကျသွားတယ်။ တိုက်ပွဲက ညနေအထိ အပြင်းအထန်ဖြစ်နေတယ်။”
မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီလေတပ်က တိုက်ပွဲဖြစ်ပွားရာ နေရာများကို ဗုံးကြဲချခဲ့သည်ဟု သိရသည်။
“ အဲဒီတိုက်ပွဲဖြစ်တဲ့ နေရာတွေကို နေ့လယ် ၂ နာရီက ဗုံးကြဲတယ်။ ဝန်ထမ်းအိမ်ယာတွေပျက်စီးသွားတယ်။ အခု ညနေထိ တိုက်ပွဲပြင်းထန်နေတယ်။ ဂွမြို့ကို လျှပ်စစ်မီးလည်း ဖြတ်တောက်လိုက်ပါပြီ”ဟု အဆိုပါ ဂွဒေသခံက ပြောဆိုသည်။
အာရက္ခတပ်တော်သည် ဂွမြို့ထိုးစစ် ၂ လကျော်အတွင်း ဂွမြို့ပြင်ဘက်ရှိ စစ်ကောင်စီစခန်းများ၊ ယာယီအထိုင်စခန်းများ၊ ကာကင်းများအားလုံးကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ဂွမြို့ပေါ်တွင် တည်ရှိသည့် တပ်ရင်း ၂ ခုဖြစ်ကြသည့် ခမရ (၅၆၃) နှင့် (၅၆၂) အထဲမှ (၅၆၃) တပ်ရင်း ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။
တပ်ရင်းမှူး သေဆုံးသွားခြင်းနှင့်ပတ်သက်ပြီး အတည်ပြုချက်ရယူရန် ခက်ခဲနေသဖြင့် နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။