Preview

လက်နက်များနှင့်အတူထွက်ပြေးနေသည့် မောင်တောနခခ(၅)မှစစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို AAပစ်ခတ်ဖမ်းဆီး

နောင်မင်းသူ | ဒီဇင်ဘာ ၁၅/ ၂၀၂၄ | ကြည့်ရှုသူ :2130
ရခိုင် သတင်း

နောင်မင်းသူ၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၁၅ /၂၀၂၄

နခခ(၅) မှ လက်နက်များဖြင့် ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို အာရက္ခတပ်တော်(AA)မှ မောင်တောမြို့နယ်တောင်ပိုင်း ရွှေဗဟိုကျေးရွာအနီးတွင် ပစ်ခတ်ဖမ်းဆီးလိုက်သည်ဟု မျက်မြင် ဒေသခံရွာသားများက ပြောသည်။

"ဟုတ်ပါတယ်။ဒီနေ့ ညနေ ၄ နာရီကျော်မှာ ရွှေဗဟိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲဝင် ၅ ဦးကို AAက ပစ်ခတ်ပြီးဖမ်းဆီးခဲ့ကြရတယ်။ဒဏ်ရာရရှိသူတွေလည်းရှိတယ်"ဟု မျက်မြင်ရွှေဗဟိုကျေးရွာသား တစ်ဦးကနိရဉ္စရာကို ပြောသည်။

နခခ (၅) မှ လက်နက်မချဘဲ ထွက်ပြေးနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား AA က လိုက်လံ ရှင်းလင်းနေရာ ယနေ့ ဒီဇင်ဘာလ ၁၅ ရက် ယနေ့ညနေ ၄ နာရီကျော်၌ပစ်ခတ်မှု ဖြစ်ပွားပြီး  မောင်တောမြို့နယ် ရွှေဗဟိုကျေးရွာအနီး၌ ဒဏ်ရာများနှင့် အတူ ၎င်းစစ်ကောင်စီတပ်သား ၅ ဦးအား   ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက် ၊ နံနက် ၉ နာရီခွဲအချိန်တွင် အာရက္ခတပ်တော် AA မှ မောင် တော မြို့သူကြီးရှိ နခခ(၅)အားအပြီးသတ်သိမ်းပိုက်စဥ်အတွင်း စစ်ကောင်စီတပ်သားအချို့သည် အကြမ်းဖက် အာဆာအဖွဲ့ဝင်များနှင့်အတူလက်နက်မချဘဲ ထွက်ပြေးလွတ်မြောက်နေကြသည်ဟု သိရသည်။

"ဒီလိုထွက်ပြေးလွတ်မြောက်နေသူတွေအများအပြားရှိနေတယ်။ ခရီးသွားပြည်သူတွေနဲ့ လူနေကျေးရွာတွေအလွန်အန္တရယ်ရှိနေတယ်။ ဟိုတစ်နေ့ကလည်း ၄ မိုင်ရွာသာယာဖက်ကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တစ်ဦးကလက်ပစ်ဗုံးနဲ့ပစ်ခတ်လို့ ဒေသခံသက်ကြီးပိုင်းတစ်ဦးဒဏ်ရာရရှိခဲ့တယ်"ဟု နောက်ထပ် ဒေသခံတစ်ဦးက‌ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့မွန်းလွဲ ၂ နာရီ‌ ကျော် အချိန်ခန့်တွင် ထွက်ပြေးလွတ် မြောက်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦး မှ မောင်တောမြို့နယ်၊ အထက်ကံသာယာကျေးရွာသို့ ဝင်ရောက်ပြီး ရွာရှေ့ ရေကန် တွင် ရေခတ်ဆင်းလာသည့် ရွာသူ /ရွာသားများ အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ သည့်အတွက် ဗုံးစထိမှန်မှုကြောင့် အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်းဒေသခံများထံမှသိရသည်။

အာရက္ခတပ်တော်သည် နခခ(၅) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားကို လက်ရ ဖမ်းဆီးရမိခဲ့ကာ အလောင်း ၄၅၀ ကျော်နှင့် လက်နက်ခဲယမ်းအများအပြားသိမ်းပိုက်ရရှိခဲ့သည်။

(ပုံစာ- မောင်တောတိုက်ပွဲအတွင်းမှ ဖမ်းဆီးရမိသည့် စစ်ကောင်စီ သုံ့ပန်းများ)

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.