Preview

ဂွ-ငသိုင်းချောင်းရိုးလမ်းကို AA ပိတ်ဆို့တိုက်ခိုက်

ခိုင်လူလှ (ရိုးမမြေ) | ဒီဇင်ဘာ ၁၈/ ၂၀၂၄ | ကြည့်ရှုသူ :3322
ရခိုင် သတင်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၁၈/၂၀၂၄

ဂွမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အာရက္ခတပ်တော်(AA)သည် ဂွမြို့နှင့် ငသိုင်းချောင်းအကြားရှိ ရိုးလမ်းကို ဖြတ်တောက် ပိတ်ဆို့ထားလိုက်ပြီး ဒေါင်းချောင်းဂိတ်အနီးတွင် မနေ့က ဒီဇင်ဘာ ၁၇ ရက် နေ့လယ်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဒေသတွင်း စစ်ရေးအခြေအနေ လေ့လာစောင့်ကြည့်နေသူတစ်ဦးက“အေအေက ရိုးမကျော်လမ်းကို အလယ်က ဖြတ်တောက်လိုက်တဲ့သဘောလို့ ယူဆလို့ ရပါတယ်။ အခု တိုက်ပွဲဖြစ်ပွားတဲ့ ဒေါင်းချောင်းဂိတ်က ဂွမြို့ပေါ်ကနေ ၁၀ မိုင်အကွာမှာ တည်ရှိတဲ့ စစ်ဆေးရေး ဂိတ်ပါ။ အဲဒီ အကျော်နားလေးမှာ မနေ့က နေ့လယ်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်”ဟု ပြောသည်။

အာရက္ခတပ်တော်သည် ဂွ-ငသိုင်းချောင်း ရိုးမပေါ်ရှိကား လမ်းကို ဖြတ်တောက်ကာ ငသိုင်းချောင်း ဘက်က စစ်ကူမလာနိုင် အဆိုပါလမ်းကို ပိတ်ဆို့လိုက်ပုံရသည်ဟု ၎င်းက ဆက်ပြောဆိုသည်။

“ ဒီရိုးလမ်းကို ဖြတ်တောက်တာက ဧရာ၀တီတိုင်းဘက်က စစ်ကူတွေ မလာနိုင်အောင်လို့ ဖြတ်တောက် တာလို့ ယူဆနိုင်သလို ရခိုင်နဲ့ ဧရာတီတိုင်းအစပ်မှာ ရှိတဲ့ ၂၅ မိုင် ဗေဒါ စစ်ဆေးရေးဂိတ်ကို ဝင်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်လည်း ဖြစ်နိုင်ပါတယ်။ စစ်ရေးအခြေအနေအရ ဒီအတိုင်းဆို ရိုးလမ်းကတော့ စစ်တပ်က ဖြတ်ဖို့ မလွယ်တော့ဘူး။ တစ်ဖက်မှာလည်း ဂွကို ဖြတ်တောက် ပိတ်ဆို့ထားလိုက်တဲ့ သဘောလို့ ပြောမယ်ဆို ပြောလို့ ရပါတယ်”ဟု ၎င်းက ပြောသည်။

ဂွနှင့် ငသိုင်းချောင်း ကားလမ်းပေါ်တွင် ဂွမှ ၁၀ မိုင်အကွာတွင် ဒေါင်းချောင်း စစ်ဆေးရေးဂိတ်ရှိပြီး ၂၅ မိုင်ခန့်အကွာတွင် ဗေဒါဂိတ်ရှိကြောင်း သိရသည်။ ဗေဒါဂိတ်သည် ဂွနှင့် ငသိုင်းချောင်းမြို့နယ် အစပ်တွင် တည်ရှိပြီး ၎င်းဗေဒါဂိတ်အနီးတွင် အမြောက်တပ်စခန်းတစ်ခုကို ယာယီ စခန်းချထားသည်ဟု သိရသည်။  

အာရက္ခတပ်တော် (AA) သည် ယမန်နေ့နံနက်ကရခိုင်ပြည်တောင်ဘက်အစွန်ဆုံးဂွမြို့ထဲကို ထိုးဖောက်ဝင်ရောက် လာပြီးနောက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်းသတင်းရရှိသည်။

AA သည် ဂွမြို့ထဲသို့ မည်သူမျှ မထင်မှတ်ထားသည့် ကမ်းနားလမ်းဘက် ဝင်ရောက်လာပြီး လေယာဉ်ကွင်ဟောင်းနှင့်ကမ်းခြေဦး ရပ်ကွက်တို့တွင်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

၎င်းပြင် AAတပ်ဖွဲ့ဝင်များသည်  ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့်ခမရ (၅၆၃) တပ်ရင်းထဲမှ အဆောက်အဦများမီးလောင်ပျက်စီးသွားခဲ့သည်။စစ်တပ်က ပြန်ပစ်သည့် လက်နက်ကြီးကျည်မျာသည်  မီးသတ်အဆောက်အဦကို ထိမှန်ပြီး ၎င်းအဆောက်အဦပြိုကျ ပျက်စီးသွားခဲ့သည်ဟု သိရသည်။

၎င်းပြင် ခမရ (၅၆၂) အနီး တမာန်ကုန်းရပ်ကွက်တွင်လည်း လက်နက်ကြီးများကျ ရောက်ပေါက်ကွဲ၍ မီးလောင်မှုများရှိခဲ့သည်ဟု သိရသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.