သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၁၈/၂၀၂၄
တိုက်ပွဲဖြစ်ပွားခြင်းတစ်စုံတစ်ရာမရှိဘဲ တည်ငြိမ်အေးချမ်းနေသည့် ပုဏ္ဏားကျွန်းမြိုနယ်ပဒေသာကျေးရွာကို ယမန်နေ့ ညအချိန် စစ်ကောင်စီမှလက်နက်ကြီးဖြင့်ပစ်ခတ်၍ အသက်၅၀ ကျော်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးကာအမျိုးသမီး ၃ ဦးပြင်းထန်စွာဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူမှာ ဦးမောင်ယဉ်သာ အသက် (၅၉)နှစ်ဖြစ်ပြီး ဒဏ်ရာရသူများမှာဒေါ် မသိန်းနု၊ဒေါ်သိန်းနုနှင့်အသက် ၂၀ ကျော်အရွယ် မဘုမချေတို့ဖြစ်သည်။
ဒေသခံတစ်ဦးက"စစ်တွေတပ်ရင်းတစ်ခုကနေ ညအချိန်လက်နက်ကြီးနဲ့ပစ်တာပါ။ လက်နက်ကြီးကျည်တစ်လုံးက မိသားစုတစ်စု နေတဲ့အိမ်မှာကျတာ။ သူတို့ကစစ်ရှောင်တွေပါ။စစ်တွေကနေ ပုဏ္ဏားကျွန်းကိုစစ်ရှောင်ပြီးနေကြတာပါ။ တစ်ယောက်ကပွဲချင်းပြီးသေတယ်။အမျိုးသမီး ၃ ယောက် ဒဏ်ရာရတယ် သူတို့က ဆွေမျိုးတွေပါ" ဟုပြောသည်။
သေဆုံးသူနှင့်အမျိုးသမီး ၃ ဦးတို့သည် စစ်တွေမြို့နယ် ကြံတောကျေးရွာကဖြစ်ပြီး ပဒေသာကျေးရွာတွင်လာရောက်စစ်ဘေးရှောင်နေသူများဖြစ်ကြောင်း သိရသည်။
ပြည်သူများ အေးချမ်းစွာအိပ်နေချိန်တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းမှာ အပြစ်မဲ့ပြည်သူများကို တမင်ရည်ရွယ်ပြီး တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းဒေသခံအမျိုးသားတစ်ဦးကပြောကြားသည်။
“ ပစ်တာက စစ်တွေ ပါဒလိတ်တပ်ရင်း၊ခမရ(၃၄၄)တပ်ရင်းကပစ်တာလို့ သိရတယ်။ပစ်တဲ့အချိန်က ဒီဇင်ဘာ ၁၇ ရက်နေ့ ည၁၁နာရီခွဲအချိန်မှာဖြစ်တယ်။လက်နက်ကြီးကျည်ကျတာက ပုဏ္ဏားကျွန်းမြို့နယ်ပဒေသာကျေးရွာကနေအိမ်တစ်ဆောင်ကိုကျရောက်ပေါက်ကွဲခဲ့တယ်။ စစ်ရှောင် မိသားစုတစ်စုအတွင်းသေဆုံးသူနဲ့ဒဏ်ရာရသူရှိခဲ့တယ်။လွန်စွာမှ စိတ်မကောင်းဖြစ်ရပါတယ်”ဟု ၎င်းက နိရဉ္စရာကိုပြောသည်။
အမျိုးသမီး၃ ဦးမှာ ခန္ဓာကိုယ်အနှံ့အပြားတွင် ဒဏ်ရာရရှိသွားပြီး ဒဏ်ရာပြင်းသဖြင့်ဆေးကုသမှုခံယူနေရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ လူမှုကယ်ဆယ်ရေးဆောင်ရွက်ပေးနေသည့် ၎င်းကပြောသည်။
" လက်နက်ကအိမ်ထဲမှာကျတော့ ကျည်စတွေထိသွားတာ။ခြေထောက်တွေ၊လက်တွေ တစ်ကိုယ်လုံးပဲ ဒဏ်ရာကပြင်းတယ်" ဟုပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီ၏ နေဗီများနှင့်စစ်တွေ အမြောက်တပ်ရင်းများမှယခုလဒီဇင်ဘာအတွင်း မကြာခဏလက်နက်ကြီးများပစ်ခတ်မှုများရှိပြီးပုဏ္ဏားကျွန်းမြို့ထဲတွင်လည်းနေအိမ်တချို့ပျက်စီးမှုရှိခဲ့သည်ဟု မြို့ခံတစ်ဦးကပြောသည်။
" အခုလအတွင်းမှာ တန်းခိုးချောင်းနားဖက်မှာနေဗီလာပြီးပစ်တာရှိတယ်။ စစ်တွေကလက်နက်ကြီးအထိုင်စခန်း တပ်ရင်းတွေကလည်းမကြာမကြာပစ်တယ်။ ဘယ်လောက်ပျက်စီးပြီးဘယ်နေရာမှာ ထိလဲဆိုတာ ဖုန်းလိုင်းတွေမရတော့ အတိအကျမသိရဘူး။ သိရတာက ပုဏ္ဏားကျွန်းမြို့ပေါ်ကနေအိမ်တချို့ပျက်စီးတာတွေရှိတယ်" ဟု ပြောသည်။
ပုဏ္ဏားကျွန်းမြို့ခမရ (၅၅၀) ကို အာရက္ခတပ်တော်(AA)မှ ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်နေ့တွင် သိမ်းပိုက်ပြီးကတည်းက အဆိုပါ မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ကြောင်း သိရသည်။
၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှ နိုဝင်ဘာ ၁၃ရက်အထိ တစ်နှစ်တာကာလအတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးသတ်ဖြတ်မှု၊ စစ်ကျန်လက်နက်နှင့်မြေမြှုပ်မိုင်းပေါက်ကွဲမှုတို့ကြောင့် ရခိုင်တွင် အမျိုးသား ၅၁၇ဦးနှင့် အမျိုးသမီး ၂၁၈ဦးစုစုပေါင်း၇၃၅ဦး သေဆုံးခဲ့ရကြောင်းရက္ခိုင်အမျိုးသား အဖွဲ့ချုပ်၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး HDCO ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (ပုံစာ- လက်နက်ကြီးကျသည့် နေအိမ်/APM)