နိရဉ္စရာ၊ ဒီဇင်ဘာ ၁၈/ ၂၀၂၄
မောင်တော၊ နခခ (၅) မှ ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိကြောင်း အာရက္ခတပ်တော် ( AA) ယနေ့ ဒီဇင်ဘာလ (၁၈) ရက် နေ့တွင် သတင်းထုတ်ပြန်သည်။
သတင်းထုတ်ပြန်ချက်ထဲတွင် “ အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) မှ လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော အခြားသော တပ်မမှူးတစ်ဦးဖြစ်သည့် အမှတ် (၂၂) ခြေမြန် တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကိုလည်း အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့အပါအဝင် ငွေသားသိန်း (၈၀၀) ခန့်နှင့်အတူ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်ခန့်တွင် မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန် တဲထဲ၌ အသေဖမ်းဆီးရမိခဲ့သည်” ဟု ဖော်ပြထားသည်။
တပ်မမှူးသည် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်နှင့် ခေတ်အဆက်ဆက် ပူးပေါင်းလာခဲ့ကြသော ဒေသခံမူဆလင်များ၏ အကူအညီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကမ်းခြေစောင့်တပ်များ၏ အချိန်ပြည့် ဝိုင်းရံပိတ်ဆို့ ရှာဖွေမှုများအောက်တွင် လွတ်မြောက်ရန် အခွင့်အရေးမရခဲ့ဘဲ ၎င်းတို့ထောင်ထားသော မိုင်းကိုနင်းပြီးနောက် သွေးထွက်လွန်ကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဆက်လက် ဖော်ပြထားသည်။
ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်တွင် မောင်တောမြို့ ၌ တစ်ခုတည်း ကျန်ရှိနေခဲ့သော နခခ (၅) စခန်းကြီးကို အာရက္ခတပ်တော်မှ အပြီးသတ်ချေမှုန်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်နောက်ပိုင်းတွင် စကခ (၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အမှတ် (၂၂) ခြေမြန် တပ်မဌာနချုပ် တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးတို့သည် စခန်းထဲက ထွက်ပြေး လွှတ်မြောက်သွားခဲ့သည်။
စကခ (၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အဖွဲ့အား ဒီဇင်ဘာလ (၈) ရက်နေ့ မောင်တော၊ ရွှေတောင်ကျေးရွာ အနောက်ဘက်တွင် အရှင် လက်ရဖမ်းဆီးရမိခဲ့ပြီး အမှတ် (၂၂) ခြေမြန် တပ်မဌာနချုပ် တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးအား ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် အသေဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။