နိရဉ္စရာ၊ ဒီဇင်ဘာ ၂၀/ ၂၀၂၄
ရခိုင်မှ ဂွမြို့နယ်တွင် ပြင်းထန်စွာ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လုံခြုံရေးတိုးမြှင့်သည့် အနေဖြင့် ဧရာ၀တီတိုင်းအထဲက မြို့နယ်အချို့တွင် ည ၆ နာရီက နံနက် ၆ နာရီအထိ ညမထွက်ရ ဒေသန္တရ အမိန့်ကို ယခုလ ၁၈ ရက်နေ့ကစပြီး ထုတ်ပြန်လိုက်သည်ဟု ဒေသခံများက ပြောသည်။
ပါဝင်သည့် မြို့များမှာ ကျုံပျော်ခရိုင်ထဲမှ ကျုံပျော်၊ ငသိုင်းချောင်း၊ ရေကြည်၊ အသုတ်၊ ကျောင်းကုန်းနှင့် အင်္ဂပူမြို့နယ်မှ ကွင်းကောက်တို့ ပါဝင်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ ကျွန်မတို့နေထိုင်တဲ့ ရွာတွေမှာတော့ ည ၆ နာရီကနေ မနက် ၆ နာရီထိ မထွက်ရဘူးလို့ ကျေညာထားပါတယ်။ တစ်ခြား ငသိုင်းချောင်းအနီးက ရေကြည်တို့၊ အင်္ဂပူမြို့နယ်က ကွင်းကောက်တို့မှာလည်း အလားတူ ညမထွက်ရ အမိန့်ထုတ်တယ်လို့ သိရပါတယ်”ဟု ငသိုင်းချောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ညမထွက်ရအမိန့်ထုတ်ပြန်သည့် မြို့နယ်များနှင့် ကျေးရွာများမှာ ရခိုင်ရိုးမနှင့် ဆက်စပ်နေသည့် မြို့နယ်နှင့် ကျေးရွာများဖြစ်ကြောင်း သိရသည်။
“အခု ကြားတာ ဂွနဲ့ ငသိုင်းချောင်းကားလမ်းပေါ်က ဗေဒါဂိတ်ကို အေအေက သိမ်းပိုက်လိုက်ပြီလို့ ကြားရတယ်။ စစ်တပ်ဘက်က သေဆုံးဒဏ်ရာရတဲ့သူများတယ်လို့ သိရတယ်။ ဒဏ်ရာရလာတဲ့ သူတွေကို ငသိုင်းချောင်း ဆေးရုံကို ယူလာပြီး ငသိုင်းချောင်းကနေ ပုသိမ်ဆေးရုံကို ပို့တယ်လို့ သတင်းရပါတယ်”ဟု ပြောသည်။
AA သိမ်းပိုက်လိုက်သည့် ဗေဒါ စစ်ဆေးရေးဂိတ်သည် ငသိုင်းချောင်းနှင့် ဂွမြို့နယ် အစပ်တွင်တည်ရှိပြီး ငသိုင်းချောင်းမှ မိုင် ၃၀ အကွာတွင် တည်ရှိသည်ဟု သိရသည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် ဂွမြို့နှင့် ငသိုင်းချောင်းကြား ရိုးပေါ်ရှိ ကားလမ်းကို ထိန်းချုပ်လိုက်ပြီဖြစ်ကာ AA ဝင်လာမည်ကို စိုးရိမ်ပြီး ငသိုင်းချောင်းတွင် လုံခြုံရေး တိုးမြှင့်ထားသည်ဟု သိရသည်။
ဧရာ၀တီတိုင်း ကျုံပျော်မြို့နယ်တွင် စစ်ဘေးရှောင်နေသည့် ရခိုင်က အမျိုးသမီးတစ်ဦးကလည်း သူတို့နေထိုင်သည့် ကျေးရွာတွင် ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားပြီး စစ်ဘေးရှောင်များကို စည်းကမ်းများတင်းကျပ်ထားကာ ခွဲခြားဆက်ခံနေရမှုများရှိနေသည်ဟု ပြောဆိုသည်။
“ အခု ဧည့်စာရင်းတိုင်တာ ဓာတ်ပုံရိုက်ရတယ်။ ဧည့်စာရင်းတိုင်သူတွေအတွက် စာအုပ် လုပ်ပေးထားတယ်။ တစ်ပတ်တစ်ကြိမ်သွားတိုင်ရတယ်။ တစ်ခါတိုင်ရင် အုပ်ချုပ်ရေးမှူးရုံးကို ငွေ နှစ်ထောင်ပေးရတယ်။ စစ်ဘေးရှောင်တွေကို နေအိမ်တွေမှာ ဆေးကုသခွင့်မပြုဘူး။ စစ်ဘေးရှောင် စစ်ဘေးရှောင်လို နေဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက တားတာမျိုးတွေရှိတယ်” ဟု ပြောသည်။
လက်ရှိ ကျုံပျော်၊ ငသိုင်းချောင်း၊ ရေကြည်၊ အသုတ်၊ ကျောင်းကုန်း၊ ကွင်းကောက်၊ အင်္ဂပူ၊ မြန်အောင်နှင့် ကြံခင်းမြို့များတွင် ရခိုင်ပြည် သံတွဲ၊ ကျိန္တလီ၊ ဂွမြို့နယ်တို့မှ စစ်ဘေးရှောင်များ များပြားသည်ဟု သိရသည်။
စစ်ဘေးရှောင် တစ်ဦးက “ ရခိုင်က စစ်ဘေးရှောင်တွေ ပင်လယ်ကမ်းနားတစ်လျှောက် ရွှေသောင်ယံမှာလည်း များတယ်။ အခု သူတို့ကို ရွှေသောင်ယံမှာ မနေရ၊ နှင်ထုတ်တယ်လို့ကြားတယ်။ ဒီကျုံပျော်ခရိုင်အတွင်းမှာတော့ ဒီလို နှင်ထုတ်တာမရှိဘူး။ ဒါပေမယ့် အနီးကပ် စောင့်ကြည့်ခံနေတယ်။ ရခိုင်က ဆိုတာနဲ့ သူတို့ မသင်္ကာတော့ဘူး။ ငသိုင်းချောင်းမှာဆိုရင် ခွေးတောက်ကွက်သစ်၊ ကုန်းပြင်၊ ကျားကိုက်စတဲ့ ရွာကြီးတွေမှာလည်း ရခိုင်စစ်ဘေးရှောင်တွေများတယ်။ ဒေသခံတွေက ဘာပြဿနာမရှိဘူး။ စစ်တပ်နဲ့ ပေါင်းတဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေကတော့ တော်တော်ဆိုးတယ်”ဟု ပြောကြားသည်။
ရခိုင်စစ်ဘေးရှောင်များသည် ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်များထိ သွားရောက် နေထိုင်မှုများရှိနေပြီး အာရက္ခတပ်တော် (AA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)များ ဧရာ၀တီတိုင်းထိ ဝင်ရောက်လာသည်ဟု သတင်းများပျံ့နှံ့နေသဖြင့် စစ်ဘေးရှောင်များကိုသာမက ဒေသခံများကိုပါ စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးနေသည်ဟု သတင်းရရှိသည်။