လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၂၀ / ၂၀၂၄
ပြည်မနှင့်ပြည်ပမှ ထုတ်လုပ်သည့် အရက်၊ဘီယာ၊ ဝိုင်စသည့်ယစ်မျိုးဆိုင်ရာ အသုံးအဆောင်များကို ရခိုင်ပြည်တွင်းသို့ တင်သွင်းခွင့်၊ ရောင်းချခွင့်ကို အာရက္ခတပ်တော် (AA)က ဒီဇင်ဘာလ၂၀နေ့ရက်မှစတင်ပြီး တားဆီးပိတ်ပင်လိုက်ပြီဖြစ်သော်လည်း ရခိုင်ပြည်တွင်းမှ ထုတ်လုပ်နေသည့် ဒေသအရက်များကို ပိတ်ပင်တားမြစ်ခြင်း မရှိကြောင်း သတင်းရရှိသည်။
“အဓိကတော့ ကိုယ့်ဒေသက ထုတ်တဲ့အရက်ကို အသုံးပြုရင် ကိုယ့်ဒေသက အရက်ထုတ်တဲ့ ဒေသခံတွေ အကျိုးရှိမယ်။ တစ်ခြားတစ်ဖက်မှာလည်း ကိုယ့်ဒေသက ပိုက်ဆံ တစ်ခြားနေရာ မရောက်တော့ဘူးပေါ့။ အထူးသဖြင့် အကြမ်းဖက် စစ်တပ်ကို အလုပ်အကျွေးပြုရာ မရောက်တော့ဘူး”ဟု အသက် ၂၀ ကျော်အရွယ် ပညာတတ်လူငယ် တစ်ဦးက ပြောသည်။
ရခိုင်ပြည်တွင် ယခင်က ရောင်းချ၊ သောက်သုံးနေသည့် အရက် ဘီယာအများစုမှာ စစ်ကောင်စီ ထုတ်များဖြစ်သဖြင့် ယခုကဲ့သို့ တားဆီးပိတ်ပင်လိုက်မှုက စစ်ကောင်စီ၏ ဝင်ငွေကို ထိခိုက်နိုင်မည်ဟု ၎င်းက ပြောဆိုသည်။
အာရက္ခတပ်တော်သည် ရခိုင်ပြည်တွင်း ပြည်မနှင့် ပြည်ပမှ အရက်များ တင်သွင်းရောင်းချခြင်းကို ပိတ်ပင်လိုက်ကြောင်း မြို့နယ်တိုင်းတွင်မြို့၊ကျေးရွာအလိုက်ပြည်သူအများသိနိုင်ရန်လော်စပီကာများဖြင့်ရပ်/ကျေးခေါင်းဆောင်များကလိုက်လံကြေညာပေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပြည်မနှင့် ပြည်ပထုတ် ယစ်မျိုးကုန်များအားရောင်းချခြင်း၊သိုလှောင်ခြင်းနှင့်သောက်သုံးခြင်းများကိုလုံးဝပိတ်ပင်လိုက်ပြီဖြစ်ကြောင်း၊ ရောင်းချသောက်သုံးပါကထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်း ကြေညာသွားခဲ့သည်ဟုဆိုသည်။
အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက “ ပြည်မနဲ့ ပြည်ပက အရက်တွေ တင်သွင်းတာကို ပိတ်လိုက်ရင် ကိုယ့်ဒေသအတွင်း ခေတ်မီ အရက်တွေ၊ ဘီယာတွေ ထုတ်လုပ်ဖို့ လိုပါတယ်။ စက်ရုံတည်ထောင်ခွင့်ပြုမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း စိတ်ဝင်စားပါတယ်။ မိတ်ဆွေတွေနဲ့ ဆွေးနွေးနေတာတွေလည်း ရှိပါတယ်”ဟု ပြောသည်။
အရက်၊ ဘီယာနှင့် ဝိုင်များမှာ လူ့အသုံးအဆောင် ပစ္စည်းများဖြစ်ကြသဖြင့် လုံး၀ တားဆီးပိတ်ပင်၍ မရနိုင်သဖြင့် ခေတ်မီနည်းလမ်းများဖြင့် စနစ်တကျ ထုတ်လုပ်နိုင်ပါ အကျိုးရှိနိုင်သည်ဟု ၎င်းက ပြောဆိုသည်။
ပြည်ပ၊ပြည်မထုတ်ယစ်မျိုးကုန်မှန်သမျှတင်သွင်းခွင့်ကို၂၀၂၄ ခုနှစ် စက်တင်ဘာ၁၉ရက်မှစပြီး ပိတ်ပင်ခဲ့ကလက်ကျန်ပစ္စည်းများကိုလည်းသုံးလအတွင်းအပြီးသတ်ရောင်းချရရန်AA အမိန့်ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။
လက်ရှိတွင်သက်မှတ်ကာလပြည့်သွားပြီဖြစ်၍ကျောက်တော်၊မြောက်ဦး၊မင်းပြား၊ပုဏ္ဏားကျွန်းစသည့်မြို့နယ်များတွင်AA ကသက်ဆိုင်ရာစစ်ဒေသအလိုက်အမိန့်ထုတ်ပြန်ပြီးပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်းဒေသခံများထံမှသိရသည်။
ပြည်ပထုတ်အရက်များနှင့်စစ်ကောင်စီထုတ်အရက်များအားပိတ်ပင်ခြင်းသည်ကောင်းမွန်ကြောင်းဒေသခံတချို့ကသုံးသပ်ကြသည်။
အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်ပစ္စည်းများကိုမသုံးရန်မြန်မာပြည်အနှံ့စစ်အာဏာရှင်ဆန့်ကျင်ရေးအုပ်စုများကလည်းလှုံ့ဆော်မှုများလည်းရှိနေကြောင်းသိရသည်။
ပြည်ပနှင့်ပြည်မဒေသထုတ်အရက်၊ဘီယာများအားပိတ်ပင်လိုက်ခြင်းကြောင့်ဒေသထွက်ဆန်အရက်နှင့်ဓနိရည်ကိုရခိုင်တွင် သောက်သုံးသူများပြားလာပြီး အရက်တစ်ပုလင်း စျေးနှုန်းမှာလည်း ငါးထောင်နှင့် တစ်သောင်းကြားသာရှိသည်ဟု ဒေသခံများက ပြောသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)