သဉ္ဇာနွယ်-နိရဉ္စရာ၊ ဒီဇင်ဘာ ၂၂/၂၀၂၄
အာရက္ခတပ်တော်(AA) ထိုးစစ်ကို ခုခံကာကွယ်ရန်စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများတွင်မွတ်ဆလင်စစ်မှုထမ်းသင်တန်းဆင်းများဖြင့်အင်အားဖြည့်တင်းနေကြောင်း သတင်းရရှိသည်။
စစ်တပ်နှင့်နီးစပ်သူမွတ်ဆလင် အမျိုးသားတစ်ဦးက" အရင်ကတည်းကခေါ်တယ်။ စစ်သင်တန်းပေးတယ်။ဒါပေမယ့်အခုကပိုခေါ်တယ်။ပြီးတော့တပ်ရင်းတိုင်းလိုလိုမှာ အယောက်၅၀၊အယောက် ၁၀၀အဲသလိုမျိုးခွဲပြီး နေရာချပေးတယ်။သင်တန်းတွေကိုတော့ နေ့ရောညပါပေးနေတယ်။ဒကစမှာရော တပ်ရင်းတွေမှာပါ သင်တန်းတွေပေးနေပါတယ်" ဟု နိရဉ္စရာသတင်းဌာကိုပြောသည်။
စစ်တွေမြို့နယ်ဧရိယာထဲမှ မွတ်ဆလင်ကျေးရွာများတွင်စစ်ကောင်စီတပ်နှင့်ရဲများကကျေးရွာတာဝန်ရှိသူများနှင့်ပူးပေါင်းကာလူသစ်များစုဆောင်းနေခြင်းဖြစ်ပြီး ငွေကြေးနှင့် စားနပ်ရိက္ခာများလည်း ထောက်ပံ့ကာ ခေါ်ယူနေကြောင်းသိရသည်။
“ စစ်တပ်နဲ့ ပေါင်းပြီး စီးပွားရေး လုပ်နေတဲ့ မွတ်ဆလင်လူကြီးတွေက လူငယ်တွေကို အမျိုးမျိုး ဖြားယောင်းပြီး ခေါ်နေပါတယ်။ နိုင်ငံသားအခွင့်အရေးရမယ်။ စစ်တပ်ထဲဝင်ရင် လစာရမယ်။ မိသားစုအတွက် ရိက္ခာတွေရမယ် အဲသလို စစ်တပ်ထဲကို ဝင်အောင်စည်းရုံးနေကြတယ်။ အေအေတွေ နိုင်သွားရင် ကျွန်တော်တို့ လူမျိုးတွေ ကိုယ့်နေရာမှာ နေလို့ မရတော့ဘူး။ အဲသလို အမျိုးမျိုးပြောပြီး ဝင်ခိုင်းနေတယ်။ ဝင်တဲ့လူတွေကလည်း အခြေအနေ ဘယ်လိုရှိနေတယ်ဆိုတာလည်း သေချာ မသိကြဘူး” ဟု ပြောသည်။
စစ်တွေမြို့နယ်အတွင်းရှိ မွတ်ဆလင် ကျေးရွာများ စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် ဘေးကျပ်နံကျပ်အခြေအနေသို့ ရောက်ရှိနေသည်ဟု အမည်မဖော်လိုသူ သက်ကယ်ပြင်မှ မွတ်ဆလင် လူကြီး တစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ အခုကြားတာက အေအေက ကျွန်တော်မွတ်ဆလင်တွေကို စစ်တပ်နဲ့ ပေါင်းမလား။ အေအေနဲ့ ပေါင်းမလားဆိုပြီး မေးထားတယ်လို့ကြားရပါတယ်။ ကျွန်တော်တို့က ဒီရခိုင်ပြည်မှာ AAနဲ့ ပေါင်းချင်ပါတယ်။ ဒါပေမယ့် အခုက စစ်တပ် လက်အောက်မှာဆိုတော့ ကျွန်တော်တို့က ငြင်းလို့ မရဖြစ်နေတယ်။ ဒါကြောင့် မသွားချင်လည်း သူတို့ ခေါ်ရင်သွားကြတယ်။ သင်တန်း တက်နေကြရပါတယ်။ ကျွန်တော်တို့လည်း ဘာဖြစ်လာမလဲဆိုပြီး အလွန်စိုးရိမ်နေပါတယ်။ ”ဟု ပြောကြားသည်။
စစ်ကောင်စီသည် စစ်တွေမြို့နယ်တွင် မွတ်ဆလင် ၅၀၀၀ ကနေ ၇၀၀၀ ခန့်ထိ သင်တန်းပေးကာ လက်နက်များတပ်ဆင်ထားသည်ဟု စစ်တပ်နှင့်ရင်းနှီးသည့် ရခိုင်လူမျိုးတစ်ဦးက ပြောသည်။ သို့သော်လည်း ကိန်းဂဏန်းအတိအကျကို နိရဉ္စရာအနေဖြင့် အတည်ပြုနိုင်ခြင်းတော့မရှိသေးပါ။
မောင်တောမြိုနယ် စစ်ရှောင်မွတ်ဆလင်တစ်ဦးက" စစ်ပညာသင်တန်းမပြည့်ဝဘဲ ၄၅ ရက်သင်တန်းတက်ပြီးစစ်တပ်တွေမှာ နေရာချထားတယ်။ စစ်တိုက်ခိုင်းတယ်။ကျနော်တို့မွတ်ဆလင်တွေကစစ်တပ်ရဲ့ သွေးယောင်းဖြားဆောင်တဲ့ စကားတွေကြောင့် ကိုယ်သေဖို့ဟာကိုကိုယ်မသိဘဲ အသုံးချခံ ဘဝကိုရောက်နေတာကိုမြင်လို့ ကျနော်တို့ဝမ်းနည်းမိတယ်"ဟု နိရဉ္စရာကိုပြောသည်။
လက်ရှိ စစ်တွေမြို့တွင်တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း လက်နက်ကြီးလက်ငယ်ပစ်ခတ်သံများကိုစစ်တွေမြို့ပြင်ဘက်တွင် မကြာခဏ ကြားလာနေရသည်ဟုဒေသခံများက ပြောဆိုသည်။
အာရက္ခတပ်တော်အနေဖြင့် ရခိုင်ပြည်တွင် အေးချမ်းစွာနေထိုင်နေကြသည့် မွတ်ဆလင် အရပ်သားများအား ကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ်သော်လည်း လက်နက်ကိုင်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းတိုက်လျှင် မည်သူ့ကိုမဆို ရန်သူလိုသဘောထားပြီး တိုက်ခိုက်ချေမှုန်းသွားမည်ဟု AA တာဝန်ရှိသူတစ်ဦးက နိရဉ္စရာသို့ များမကြာမီက ပြောကြားထားသည်။
စစ်သင်တန်းတက်ပြီးစစ်မှုထမ်းနေကြသူများမှာ သဲချောင်းရွာ၊လက်မချေရွာ၊သင်္ဂနက်ရွာ၊အင်ပါလာရွာရပ်ကွက်အပါအဝင် တစ်ခြားမွတ်ဆလင်ကျေးရွာများမှဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီနှင့် ရခိုင်ပြည်နယ်စစ်အစိုးရ တာဝန်ရှိသူများသည် AA စစ်တွေမြို့ကို ဝင်ရောက်တိုက်ခိုက်မည်ကို လွန်စွာစိုးရိမ်နေပြီး မွတ်ဆလင်ပြည်သူ့စစ်သင်တန်းဆင်းများဖြင့် တပ်ရင်းများတွင် အားဖြည့်နေသလို တစ်ခြားတစ်ဖက်တွင်လည်း မြို့ပတ်ပတ်လည်ကို ခြံစည်းရိုးများ ကာရံကာ အေအေဝင်ရောက်လာနိုင်သည့် နေရာများတွင် မိုင်းများကိုလည်း ထောင်နှင့်ချီပြီး ထောင်ထားသည်ဟု သိရှိရသည်။