Preview

မာန်အောင်ပင်လယ်ပြင်မှာ ငါးဖမ်းစက်လှေ ၅စီးနှင့်ရေလုပ်သား ၁၀ ကျော်ခန့်ကို စစ်ကောင်စီနေဗီမှဖမ်းဆီး

သဉ္ဇာနွယ် | ဒီဇင်ဘာ ၂၂/ ၂၀၂၄ | ကြည့်ရှုသူ :1359
ရခိုင် သတင်း

သဉ္ဇာနွယ်- နိရဉ္စရာ၊ ဒီဇင်ဘာ ၂၁/၂၀၂၄

ရခိုင်ပြည်၊မာန်အောင်ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေကြသည့် ငါးဖမ်းစက်လှေ ၅ စီးနှင့်ရေလုပ်သား ၁၀​ ကျော်ခန့်ကို စစ်ကောင်စီနေဗီမှ ဒီဇင်ဘာ ၁၉ ရက်နေ့တွင်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

မာန်အောင်ဒေသခံတစ်ဦးက " စစ်ကောင်စီကငါးဖမ်းခွင့်မပြု‌ထားတော့ခိုးထွက်ပြီးဖမ်းကြရတယ်။ ခိုးထွက်တဲ့အချိန်မှာ နေဗီနားမှာရပ်ထားတဲ့စပီဘုတ်က သေနတ်ပစ်ပြီးလိုက်ဖမ်းတယ်။ ပြီးတော့ လူတွေကိုနေဗီပေါ်မှာဖမ်းထားတယ်။စက်လှေတွေကိုလည်း နေဗီမှာချိတ်ထားတယ်။ဒီနေ့အထိပြန်မလွတ်သေးဘူး" ဟု နိရဉ္စရာကိုပြောသည်။

စစ်ကောင်စီကရခိုင်တွင် ပင်လယ်ပြင်ကို ထွက်ပြီး ငါးမဖမ်းရဟု တားမြစ်ထားသော်လည်း ဒေသခံများသည် စားဝတ်နေရေး ကျပ်တည်းမှုကြောင့်ခိုးပြီး ငါးဖမ်းထွက်ကြရသည်ဟု ၎င်းက ပြောသည်။

ရမ်းဗြဲမြို့နယ်မှ အမျိုးသမီးတစ်ဦးက" ကျွန်မတို့ ဒေသမှာက ရေကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေကြရတာပါ။ ရေမဆင်းရဘူးဆိုရင် ငတ်ဖို့ဘဲရှိတော့တယ်။ အခုက စားဝတ်နေရေးကကျပ်တည်းလာတယ်။ ငါးမဖမ်းရရင် မစားရဘူး။ထွက်ပြန်ရင်လည်း အဖမ်းခံရ။အဖမ်းခံရရင်အမျိုးသားတွေပဲ။မိသားစုအတွက်ရှာ‌ ကျွေးနေရတဲ့ သူတွေဆိုတော့ ကိုယ့်လင်ကိုယ့်သားကိုစိတ်ပူရတယ်" ဟုပြောသည်။

လက်ရှိဖမ်းဆီးခံရသည့်လှေ ၅စီးတွင်း ရမ်းဗြဲသရက်ချိုချောင်းမှ ထွက်လာသည့် ငါးဖမ်လှေနှင့် မာန်အောင်သစ်ပုံချောင်းမှ ထွက်လာသည့် ငါးဖမ်းစက်လှေများဖြစ်ကြောင်းသိရသည်။

ယခင်ကလည်းငါးဖမ်းစက်လှေများကိုဖမ်းဆီးမှုကြောင်း၊ ငွေပေးလျှင် ပြန်လွှတ်ပေးကြောင်း ဒေသခံများက ပြောသည်။

ရမ်းဗြဲ ဒေသခံတစ်ဦးက  “ပင်လယ်ပြင်မှာ ငါးဖမ်းထွက်ရင် ရေတပ်က သေနတ်ပစ်ပြီးဖမ်းတယ်။ အရင်ကတော့ ဖမ်းမိရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်နဲ့ငွေကြေး အနည်းဆုံး၅သိန်း၊  ၆ သိန်းပေးကာ ပြန်လွတ်ပေးတာတွေရှိတယ်။ဒီတစ်ကြိမ်လည်း အဲသလို ပိုက်ဆံပေးရင် လွှတ်လာနိုင်တယ်” ဟု ဒေသခံများက ပြောသည်။

ရခိုင်တွင်တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ခုနှစ်နိုဝင်ဘာ ၁၃ ရက်နေ့မှစ၍ လက်ရှိအချိန်ထိဒေသခံများကို ပင်လယ်ပြင်သို့ငါးဖမ်းထွက်ခွင့်ကိုတင်းတင်းကျပ်ကျပ်တားမြစ်ထားသည်။

ရခိုင်ပင်လယ်ပြင်တွင်ဒေသခံရခိုင်ငါးဖမ်းသမားများအား ငါးဖမ်းခွင့်ပိတ်ထားသော်လည်း ပြည်မဖက်မှငါးဖမ်းသင်္ဘောများကိုမူ ခွင့်ပြုထားကြောင်း၊၎င်းငါးဖမ်းသင်္ဘောများသည် စစ်ကောင်စီ နေဗီများ၏အကူအညီဖြင့် ကမ်းနီးထိ ငါးလာဖမ်းကြသည်ဟု ဒေသခံများက ပြောသည်။

ပုံစာ- မာန်အောင်ကျွန်းနှင့် ရမ်းဗြဲကျွန်း ရေလက်ကြားအတွင်း ငါးဖမ်းသည့် ဒေသခံလှေငယ်တစ်စီး။

 

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.