သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၂၃/၂၀၂၄
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးတွင် လက်နက်ငယ်များ အပြန်အလှန် ပစ်ခတ်သံများထွက်ပေါ်လာကြောင်း သတင်းရရှိသည်။
ကျောက်ဖြူမြို့နယ်ဓညဝတီရေတပ်ဌာနချုပ်ခွဲ တောင်မော်ဦး ရေတပ်စခန်းအနီး စစ်ကောင်စီစခန်းရှိသည့်ကုလားပုန်းတောင်တန်းတွင် ယနေ့ဒီဇင်ဘာ ၂၃ရက်နေ့ နံနက်အစောကြီး ညအချိန်မှာအပြန်အလှန်သေနတ်ပစ်ခတ်မှုရှိခဲ့သည်ဟု ကျောက်ဖြူဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။
" ဒီနေ့မနက် အာရုဏ်တက်အချိန်က အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တယ်။ ကုလားပုန်းတောင်တန်းဖက်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ AAနဲ့ပစ်ကြတာ။ကုလားပုန်းတောင်က တော်မော်ဦးရေတပ်စခန်းအနားမှာရှိတာ" ဟုပြောသည်။
ထိုသို့ အပြန်အလှန်ပစ်ခတ်ကြသဖြင့် တိုက်ပွဲဖြစ်သည်ဟု ယူဆရပြီး အဆက်အသွယ်ရရှိရန် ခက်ခဲသဖြင့်အတိအကျ မပြောနိုင်ကြောင်း ၎င်းက ပြောကြားသည်။
စစ်ကောင်စီသည် ကုလားပုန်းတောင်တန်းတောင်ခြေရင်းရှိ ကျောက်ပြောက်ကျေးရွာအပါအဝင် စနဲမြို့နယ်တောင်တန်းများကို ဒရုန်းနှင့်ကင်းထောက်ကာလက်နက်ကြီးများဖြင့်ပစ်ခတ်မှုများပြုလုပ်ပြီး တောင်မော်ဦး ရေတပ်စခန်းမှလည်း မြို့ချောင်းတိုက်နယ်ဖက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများပြုလုပ်လျက်ရှိသည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။
" စစ်ကောင်စီဖက်ကတော့ ဒရုန်းနဲ့ပစ်တာတွေမကြာမကြာလုပ်တယ်။ ဒီရက်ပိုင်းမှာဆိုရင် မြို့ချောင်းဖက်ကို တောင်မော်ဦးရေတပ်ရဲ့ နေဗီကကနေလည်း ပစ်တယ်။စစ်ကောင်စီဖက်က မောင်းသူမဲ့ဒရုန်းတွေလည်းသုံးလာတယ်။ စစ်ရေးကတင်းမာတဲ့အခြေအနေရှိတယ်" ဟုပြောသည်။
ယင်းအပြင် အုန်းကြည်ကျွန်း၊မဒေးကျွန်း၊တော်မော်ဦး စသည့်ကျွန်းပတ်ပတ်လည်တွင်စက်သေနတ်တပ်ဆင်ထားသည့် စပိဘုတ်များနေရာယူထားကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီ၏ဓညဝတီရေတပ်စခန်း၊တောင်မော်ကြီးရေတပ်စခန်းဖက်မှလည်း ဇင်ကျွန်း၊မြို့ချောင်းကျွန်း၊ မရဇိုင်းကျွန်း၊ကျောက်တောင် တောင်တန်း၊ တောင်ညိုဖက်ကို လက်နက်ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်နေကြောင်းဒေသခံများက ပြောသည်။
ယခုပစ်ခတ်မှုနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်( AA) ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး တစ်စုံတစ်ရာ ပြန်ကြားမှု မရှိသေးပါ။