( သံတွဲဒေသခံများအနေဖြင့် ငပလီရှိ စစ်ကောင်စီနှင့်မိသားစုပိုင်ဟိုတယ်များတွင် စစ်ဘေးရှောင်ကြရန် တိုက်တွန်း)
သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၂၃/၂၀၂၄
စစ်ကောင်စီလေတပ်က ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် သံတွဲမြို့ လူနေရပ်ကွက်တစ်ခုသို့ ဗုံးကြဲချ၍ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီး ၄ ဦး အပါအဝင် ၆ ဦးဒဏ်ရာရရှိသွားကြောင်း သတင်း ရရှိသည်။
သေဆုံးသွားသူမှာ သံတွဲမြို့အမှတ်(၄)ရပ်ကွက်(ခ) ညောင်ပင်ဈေးရပ်ကွက်မှ ဦးဖိုးကျော် အသက် (၄၁)နှစ်ဖြစ်သည်။
ဒဏ်ရာရရှိသူများမှာအမှတ်(၄)ရပ်ကွက် ၊ညောင်ပင်ဈေးရပ်ကွက်မှ မခင်ခင်နွယ်၊ မလုံး၊ဦးသန်းဝင်း၊ သမုတ်ချောင်းရွာက ဦးအောင်သိန်းတန်၊ မအေးအေးသန်းနှင့်မနွယ်နွယ်တို့ဖြစ်ကြသည်။
ယခုကဲ့သို့ဒေသခံများသေဆုံးဒဏ်ရာရရှိသွားခြင်းမှာ သံတွဲမြို့နယ်ကိုဒီဇင်ဘာ ၂၃ရက်နေ့ နေ့လယ် ၂နာရီခွဲခန့်က စစ်ကောင်စီမှဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးထပ်မံလာကြဲ၍ဖြစ်ကြောင်း သံတွဲမြို့ခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"ဒီလအတွင်း သံတွဲကို လေကြောင်းတိုက်ခိုက်တာများလာတယ်။ဒီနေ့လည်း အပြစ်မဲ့ဒေသခံတွေ သေတယ်ဒဏ်ရာရတယ်။ ဂျက်နှစ်စီးနဲ့ပစ်တာ။ရော့ကဒ်တွေနဲ့ပစ်တယ်။ မြို့ပေါ်နဲ့မြို့နားက ရွာတရွာကိုပစ်တာ။ပတ်ပြီးကြဲတာ ၅လုံးလောက်ကျတယ် " ဟု ပြောသည်။
စစ်ကောင်စီသည် လက်လွတ်လိုက်ရသည့်မြို့မှာစစ်ရေးအရစီးပွားရေးအရ အရေးပါသဖြင့် အဆုံးရှုံးမခံနိုင်သည့်အတွက် ပြန်လည်ထိုးစစ်ဆင်ရန်ရည်ရွယ်၍ ယခုလိုလေကြောင်းကနေ တိုက်ခိုက်နေပုံရသည်စစ်ရေးလေ့လာသူအမျိုးသားတစ်ဦးက နိရဉ္စရာ ကို ပြောသည်။
" ပင်လယ်ကမ်းဒေသဖြစ်တဲ့အတွက် ရေတပ်အကြီးကိုလည်းပိုင်ဆိုင်ထားတယ်ဆိုတော့ သူတို့ကသံတွဲကိုလက်မလွတ်ချင်ဘူးနဲ့တူတယ်။ထိုးစစ်ပြန်ဆင်မယ့်အနေအထားရှိပုံရတယ်။ ဒါကြောင့် မြို့ပေါ်မှာ AAတွေရှိတယ်အထင်နဲ့ ဗုံးတွေလာကြဲတာလို့မြင်ပါတယ်" ဟုပြောသည်။
သို့သော်လည်း စစ်ကောင်စီသည် ၎င်းတို့၏ အသိုက်အဝိုင်းနှင့် မိသားစုများပိုင်ဆိုင်ထားသည့် ဟိုတယ်များကိုမူ လေကြောင်းကနေ ဗုံးလုံး၀မကြဲရဲသဖြင့် ဒေသခံများအနေဖြင့် အဆိုပါ ငပလီရှိ ဟိုတယ်များတွင် တည်းခိုနေထိုင်ကာ စစ်ဘေးရှောင်သင့်သည်ဟု ၎င်းက အကြံပြုပြောကြားသည်။
“အခု ကျွန်တော်တို့ကြားတာက အေအေ သိမ်းပိုက်ထားတဲ့ ငပလီရှိ ဟိုတယ်တွေကို ဗုံးမကြဲဖို့ ဟိုတယ်တွေ ပိုင်ဆိုင်ထားတဲ့ စစ်ကောင်စီအသိုင်းအဝိုင်းနဲ့ သူတို့မိသားစုတွေက တောင်းဆို ထားတယ်လို့ သိရတယ်။ ဒါကြောင့် ဒီအချိန်မှာ စစ်ကောင်စီမိသားစု အသိုင်းအဝိုင်းတွေ ပိုင်ဆိုင်တဲ့ ငပလီက ဟိုတယ်တွေမှာ စစ်ဘေးရှောင်ဖို့ အကောင်းဆုံးဘဲ။ အဲဒီဟိုတယ်တွေကို စကစက အခုအချိန်ထိ ဘာမှ မထိရဲဘူး။ အခု စစ်ဘေးရှောင်ဖို့ အကောင်းဆုံးက စစ်ကောင်စီမိသားစုပိုင် ဟိုတယ်တွေပါဘဲ” ဟု ပြောသည်။
စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း သံတွဲရှိ လူနေ ကျေးရွာ၊ ရပ်ကွက်များအား ဗုံးကြဲမှု ခပ်စိတ်စိတ်ပြုလုပ်လာ၍ အရပ်သားထိခိုက်သေဆုံးမှုများလာနေပြီး ယခု တစ်ပတ်အတွင်းအမျိုးသား ၁ ဦးသေဆုံးပြီး၊ အမျိုးသမီး ၇ဦးအပါအဝင် ၁၀ ဦးဒဏ်ရာရာရှိသွားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့်ဒီဇင်ဘာ ၁၉ ရက်နေ့ ညဉ့်အချိန်ကလည်း သံတွဲမြို့နယ်ကိုဂျက်ဖိုက်တာ ၂စီးဖြင့် ဗုံးလာကြဲခဲ့၍ သံတွဲအမှတ်(၁)ရပ်ကွက်မှ သက်ကြီးပိုင်းအမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့သည်။
ဒီဇင်ဘာ ၁၇ရက်နေ့ကလည်းသံတွဲမြို့ကို စစ်ကောင်စီမှ ဂျက်ဖိုက်တာတစီးဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်သံ တွဲမြို့အမှတ် (၇) ရပ်ကွက်မှ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် မြို့ပေါ်ရပ်ကွက်တချို့ နေအိမ်များမှာ ဗုံးဒဏ် ကြောင့်ပျက်စီးမှုများပြား နေပြီး မီးလောင်ကျွမ်းမှုများလည်းရှိနေကြောင်း ဒေသခံများကပြောသည်။
ပုံစာ- ထိခိုက်ဒဏ်ရာရသူများကိုတွေ့ရစဉ်/APM