Preview

စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းတွင် AAနှင့်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပုံရဟုဆို

သဉ္ဇာနွယ် | ဒီဇင်ဘာ ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :3526
ရခိုင် သတင်း

သဉ္ဇာနွယ်- နိရဉ္စရာ၊ ဒီဇင်ဘာ ၂၄/၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းဘက်က ယနေ့နံနက် အစောကြီးက အပြန်အလှန်ပစ်ခတ်သံများကို ကြားခဲ့ကြရပြီး အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီရေတပ်တို့ အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားပုံရသည်ဟု စစ်တွေမြို့ခံသတင်းရင်းမြစ်တစ်ဦးကနိရဉ္စရာကိုပြောသည်။

ယနေ့ ဒီဇင်ဘာ ၂၄ရက် နံနက်အစောကြီး(ညအချိန်) ၃နာရီခန့်ကပစ်ခတ်သံများကို  ကျယ်လောင်စွာကြားခဲ့ရသည်ဟုဆိုသည်။

" စစ်တွေမြို့ပြင်ရွှေမင်းဂံဆိပ်ကမ်းအနီးမှာရေတပ်စခန်းတစ်ခုရှိတယ်။မင်းဂံချောင်း ကုန်သွယ်ရေး ဆိပ်ကမ်း အနီးဝန်းကျင်မှာလည်း စစ်သားတွေ နေရာယူထားတာရှိတယ်။ အဲဒီဘက်ကနေ  အပြန်အလှန်လက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်သံကိုကြားရတယ်။ အဓိကနေဗီတွေနဲ့အပြန်အလှန်ဖြစ်ကြတာ။ကျွန်တော်တို့ ထင်တာက တိုက်ပွဲဖြစ်တယ်လို့ ထင်တယ်” ဟု ပြောသည်။

အဆိုပါ ရေတပ်စခန်းတွင် ရပ်နားထားသည့် နေဗီများမှပုဏ္ဏားကျွန်းနှင့်ပေါက်တောမြို့နယ်များဘက်သို့  လက်နက်ကြီးများဖြင့် မကြာမကြာ ပစ်ခတ်မှုများရှိသော်လည်း လက်နက်ငယ်ပစ်သံများကို မကြားရကြောင်း၊ ယနေ့နံနက်တွင် လက်နက်ကြီးသာမက လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ကြသည့် သေနတ်သံများကိုကြားခဲ့ရ၍ အများကတိုက်ပွဲဖြစ်သည်ဟု ယူဆနေကြကြောင်း ၎င်းက ပြောကြားသည်။

“ အဲဒီ ရွှေမင်းဂံမှာ အရပ်သားတွေတစ်ယောက်မှ မရှိတော့ဘူး။ စစ်တပ်က အကုန်မောင်းထုတ် လိုက်ပြီ။ ကျွန်တော်တို့က သေနတ်ပစ်သံတွေကို အဝေးကနေ ကြားရတာပါ။ ဒီနေရာတွေက အေအေနဲ့ စစ်ကောင်စီတို့အကြား တစ်ဖက်နဲ့ တစ်ဖက် စစ်ဆိုင်ထားတဲ့နေရာတွေပါ” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ရွှေမင်းဂံဆိပ်ကမ်းဘက်က သေနတ်သံများကြားလာရသဖြင့် စစ်တွေမြို့ တိုက်ပွဲ အစလားဟု သုံးသပ်နေကြသည်ဟု ဆိုသည်။

" တိုက်ပွဲကစတော့မယ်ထင်တယ်။စစ်ကောင်စီဖက်ကလည်း သွေးရူးသွေးတန်းဖြစ်ပြီး လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်။ဒီနေ့လည်းမနက်အစောပိုင်းကနေမနက် ၁၁နာရီထိလက်နက်ကြီးပစ်သံတွေကို ကြားရတယ်" ဟုပြောသည်။

ယင်းအပြင်ယမန်နေ့  ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း တစ်ရက်တည်းအတွင်းစစ်တွေမြို့နယ်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)ပြင်ဘက်နေရာများနှင့် ရွှေမင်းဂံရေတပ်စခန်း အနီးဝန်းကျင်ကို စစ်ကောင်စီမှဗုံးကြဲမှုများရှိခဲ့သည်ဟု သိရသည်။ ယင်းသို့လေယာဉ်ဖြင့်ဗုံးကြဲမှု ဖြစ်ပွားပြီးနောက် ယနေ့နံနက်အာရုဏ်တက်အချိန်တွင် ရွှေမင်းဂံဆိပ်ကမ်းတွင် နှစ်ဖက် အပြန်အလှန်ဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ယမန်နေ့ကလည်း စစ်တွေမြို့လုံခြုံရေး အစောင့်ချထားသည့်  စစ်ကောင်စီနေဗီတစ်စီးပေါက်တောမြို့ မြစ်၀ဘက်သို့ ဝင်လာရာမှ အာရက္ခတပ်တော်( AA)က လက်နက်ကြီးဖြင့်ပစ်ခတ်၍ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

စစ်တွေမြို့တွင် စစ်ရေးတင်းမာနေသည့်အနေအထားရှိနေပြီး စစ်ကောင်စီက လုံခြုံရေး တိုးမြှင့်ချထားကာယခင်ကထက်အစစ်အဆေးများနှင့်အတူ ဖမ်းဆီးမှုတချို့လည်းရှိနေကြောင်း သိရသည်။ 

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.