ကံ့ကော်နီနီ ၊ နိရဥ္စရာ ၊ ဒီဇင်ဘာ ၂၅ / ၂၀၂၄
ဧရာဝတီတိုင်းထဲတွင်စစ်ဘေးရှောင်ခိုလှုံနေသည့် ရခိုင်စစ်ရှောင်များအား အာရက္ခတပ်တော်နှင့်ဆက်စပ်သည်ဟုအကြောင်းပြပြီး စစ်ကောင်စီကဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာကြောင်း စစ်ဘေးရှောင်များက ပြောသည်။
ဒီဇင်ဘာလ ၁၉ ရက် ညပိုင်းက မြောင်းမြမြို့တွင် စစစ်ဘေးရှောင်ခိုလှုံနေသည့် ဂွမြို့နယ်မှ အမျိုးသားနှစ်ဦးအား ဧည့်စာရင်းအကြောင်းပြကာ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိလွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ ဂွမြို့နယ်၊ ရဟိုင်ကူးတို့ကျေးရွာမှ ကိုလင်းအောင်နှင့် ရွာသစ်ကုန်းကျေးရွာမှ ကိုအောင်မင်းထွန်းတို့ဖြစ်သည်။
၄င်းတို့မှာ ဂွမြို့နယ်တွင်း AA နှင့် စစ်ကောင်စီတို့၏ တိုက်ပွဲများကြောင့် အများပြည်သူများကဲ့သို့ဧရာဝတီတိုင်းထဲသို့ စစ်ဘေးရှောင်ခဲ့ကြသူများဖြစ်ကြောင်းသိရသည်။
"ဧရာဝတီတိုင်းကမြို့တွေမှာ ညဘက်ဧည့်စာရင်းစစ်ဆေးတာအကြောင်းပြပြီး ၁၁/တွေကို အာရက္ခတပ်တော်နဲ့ဆက်သွယ်တယ်စွပ်စွဲချက်တပ်ပြီးတော့ဖမ်းနေတာတွေရှိနေတယ်။ ဘာအထောက်အထားမှမတွေ့ရင်တောင် ပိုက်ဆံသိန်းဆယ်နဲ့ချီပေးမှပြန်လွှတ်တယ်" ဟု ရခိုင်စစ်ဘေးရှောင်အမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ဂွမြို့နယ်မှ စစ်ရှောင်လာကြသူများမှာ AA နှင့် တစ်စုံတစ်ရာပတ်သက်မှုမရှိဘဲ စစ်ပွဲများကို ကြောက်၍ ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်ကြပြီး ယခုလုပ်ရပ်များနောက်ကွယ်တွင် လူမျိုးရေး အမုန်းတရားများဖြင့် ပြုလုပ်နေခြင်းဖြစ်သည်ဟု ဟု ဂွမြို့နယ်မှစစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
" ဂွမြို့နယ်က လူတွေ အေအေနဲ့ ရော PDF တွေနဲ့ ပတ်သက်မှု ရှိကြတဲ့သူတွေမဟုတ်ပါ။. တကယ်ဒုက္ခကျလို့ ထွက်ပြေးလာကြတဲ့သူတွေပါ။ အခုလိုစစ်ရှောင်လာတဲ့သူတွေကို ဖမ်းတဲ့ဖြစ်စဥ်တွေဧရာဝတီတိုင်းထဲက မြို့နယ်အတော်များများမှာ ရှိနေတာပါ။အသက်အန္တရာယ်လွတ်အောင် ပြေးလာရတဲ့အထဲမှာ ဒီဘက်ရောက်တော့ စစ်ကောင်စီကလူမျိုးရေးအမုန်းတရားတွေနဲ့ ဖိနှိပ်တာတွေခံနေကြရတယ်။"
စစ်ကောင်စီသည် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ခွေးတောက်ကွက်သစ်အုပ်စု၊ ကုန်းပြင်အနီးဝန်းကျင်နှင့် အခြားဧရာဝတီတိုင်းမြို့နယ်အတွင်းရှိကျေးရွာများတွင် နေထိုင်ကြသော ရခိုင်စစ်ဘေးရှောင်ပြည်သူများအား အတင်းရွှေ့ပြောင်းကြရန် စစ်ကောင်စီအာဏာပိုင်များက ဖိအားပေးဆောင်ရွက်နေသည်ဟုသိရသည်။
ရခိုင်စစ်ဘေးရှောင်များအား ခေါင်းစဉ်အမျိုးမျိုးဖြင့် ဖမ်းဆီး၊ရိုက်နှက်၊ ငွေညှစ်မှုများကို စစ်ကောင်စီက လုပ်ဆောင်နေကြောင်း၊ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်တွင်ရခိုင်စစ်ဘေးရှောင်၁၀ ဦးထက်မနည်းကို ဒီဇင်ဘာ ၂၂ ရက်နေ့ကဖမ်းဆီးသွားခဲ့ကြောင်းသိရှိရသည်။
ရခိုင်နှင့်ဧရာ၀တီ ဆက်စပ်သည့် နေရာတိုင်းတွင် ရခိုင်စစ်ဘေးရှောင်များကိုစစ်ဆေးမေးမြန်း ဖမ်းဆီးခြင်းများရှိနေပြီး ဖမ်းဆီးခံရသူအရေအတွက်သည် ၁၅ ဦးမှ၂၀ ထိတောင်ရှိနေသည်ဟုဒေသခံတစ်ဦးကို ကိုးကားပြီး Mizzima ကသတင်းတွင်လည်းဖော်ပြသည်။
ယင်းသို့ အတင်းအဓမ္မရွှေ့ပြောင်းခိုင်းခြင်းများမပြုလုပ်ရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ က တိုက်တွန်းသည့် သဘောထားထုတ်ပြန်တစ်စောင်ကို ယနေ့ ဒီဇင်ဘာလ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။