Preview

ဂွမြို့ တိုက်ပွဲပြင်းထန်နေ (ဂွတိုက်ပွဲအဆုံးအဖြတ် ဧရာ၀တီတိုင်းအနာဂတ်ကြောင့် စစ်ကောင်စီက ကြည်းရေလေသုံးပြီး အပြင်းအထန် ခုခံနေ)

ခိုင်လူလှ (ရိုးမမြေ) | ဒီဇင်ဘာ ၂၇/ ၂၀၂၄ | ကြည့်ရှုသူ :864
ရခိုင် သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၇/၂၀၂၄

အာရက္ခတပ်တော် (AA)၏ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ဂွမြို့တိုက်ပွဲမှာ နေ့ရော ညပါ ပြင်းထန်နေကြောင်း သတင်းရရှိသည်။

ဂွဒေသခံတစ်ဦးက “တိုက်ပွဲက ပြင်းထန်နေပါတယ်။ ခမရ ၅၆၂ ကို နောက်ကျောဘက်က အေအကေ ဝင်တိုက်ပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတာက ၅၆၂ နဲ့ ၅၆၃ တပ်ရင်းနောက်ကျောဘက်တွေမှာ တိုက်ပွဲတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေပါတယ်”ဟု ပြောသည်။

စစ်ကောင်စီက တောက်လျှောက် လေယာဉ်ဖြင့် ဗုံးလာကြဲနေပြီး အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုရှိသလို တချို့နေရာများတွင် မီးလောင်မှုများဖြစ်ပေါ်နေသည်ဟု ၎င်းက ပြောသည်။

“  ဂွမြို့ရဲစခန်း၊ မီးသတ်၊  မြို့နယ်ထွေအုပ်ရုံးတွေကိုပါ ဗုံးကြဲတိုက်ခိုက်တယ်။ နေအိမ်တွေလည်း ထိတယ်။ အေအေရှိနိုင်တယ်လို့ ထင်တဲ့ နေရာတွေကို ဗုံးကြဲနေတာပါ။ အခု ၅၆၂ တပ်ရင်းအနီးက ရပ်ကွက်အတွင်း နေအိမ်တွေကို မီးလောင်နေတယ်။ မီးခိုးလုံးတွေ တက်လာတာတွေကို တွေ့နေရပါတယ်”ဟု ပြောသည်။

အာရက္ခတပ်တော်ကလည်း အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒရုန်းများကို အသုံးပြုတိုက်ခိုက်နေပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေကြသည်ဟု ဆိုသည်။

တစ်ခြားဒေသခံတစ်ဦးကလည်း စစ်ကောင်စီသည် ဂွမြို့ပေါ်ကိုသာမက AA ၏ ထောက်ပို့လမ်းကြောင်း တစ်လျှောက်ရှိ ကျေးရွာများကိုလည်း ဗုံးကြဲတိုက်ခိုက်နေသဖြင့် အရပ်သားများ သေဆုံးရှိသည်ဟု ပြောကြားသည်။

“ကူးတို့လေး ကျေးရွာ၊ ရဟိုင်းကူးတို့ အဲဒီဘက်တွေကိုလည်း ဗုံးကြဲတယ်။ ကူးတို့လေးကျေးရွာကို ဒီလ ၂၅ ရက်က ဗုံးကြဲလို့ ၅ ဦးသေတယ်။ ကျေးရွာသားတွေအတော်များများက လှည့်ပတ်ပုန်းအောင်းပြီး စစ်ဘေးရှောင်နေကြရတယ်။ ဧရာ၀တီတိုင်းဘက်လည်း သွားလို့ အဆင်မပြေတော့ဘူးလေ”ဟု ပြောသည်။

ဧရာ၀တီတိုင်းတွင်လည်း စစ်ကောင်စီက စစ်ရေး​ပြင်ဆင်နေပြီး ရိုးမနှင့်ထိစပ်နေသည့် ငသိုင်းချောင်းဘက်တွင်သာမက ပင်လယ်ကမ်းခြေတစ်လျှောက် ရွှေသောင်ယံမြို့ဘက်တွင်လည်း စစ်ရေးပြင်ဆင်မှုများရှိနေသည်ဟု ဆိုသည်။

“ငသိုင်းချောင်း အမတ ၃၄၄ မှာ စစ်အင်အားဖြည့်တင်းတယ်။ ၃၄၄ အလွန် ရိုးပေါ်မှာလည်း လက်နက်အင်အား လူအင်အားဖြည့်တင်းတယ်လို့ သိရပါတယ်။ ဒီဘက် ပင်လယ်ကမ်းနား တစ်လျှောက်မှာလည်း မကျည်းစင်ရွာကနေ ရွှေသောင်ယံအထိ စားနပ်ရိက္ခာ၊ လူအင်အား၊ စစ်လက်နက် ပစ္စည်းတွေဖြည့်သလို ရေပြင်က နေဗီတွေလည်း နေရာယူထားတယ်” ဟု ပြောသည်။  

ဂွမြို့အဆုံးအဖြတ်တိုက်ပွဲသည် ဧရာ၀တီတိုင်း၏ အနာဂတ်လည်း သက်ဆိုင်သဖြင့် စစ်ကောင်စီသည် ဂွမြို့  အေအေလက်ထဲ မကျသွားစေရန်အပြင်းအထန် ခုခံကာကွယ်နေကြောင်း စစ်ရေးလေ့လာ သုံးသပ်သူတွေက ပြောဆိုသည်။

ဒီဇင်ဘာ၂၁ ရက်နေ့က အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်အထဲတွင် AA က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြို့လေးမြို့အနက် လက်ရှိအချိန်တွင် ဂွတစ်မြို့သာ ကျန်ရှိတော့ပြီဖြစ်သည်။ မိမိတို့၏ ဂွမြို့သိမ်းတိုက်ပွဲတွင်လည်း အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီးဖြစ်သည်။ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များမှလည်း ဂွ မြို့ သိမ်းတိုက်ပွဲအတွက် ထိုးစစ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုဖော်ပြထားသည်။


 

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.