နောင်မင်းသူ- နိရဉ္စရာ၊ ဒီဇင်ဘာ ၂၈ /၂၀၂၄
တိုက်ပွဲအတွင်းမောင်တော နခခ(၅)မှထွက်ပြေးလွတ်မြောက်နေကြသည့် စစ်ကောင်စီအရာရှိကြီး တစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးကိုယနေ့ ဒီဇင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်း၌ အလယ်သံကျော်ရှိ စာသင်ကျောင်းတစ်ခုအတွင်း၌ လက်နက်များနှင့်အတူ အာရက္ခတပ်တော် (AA)မှ ဖမ်းဆီးရမိခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
"ကင်းပုန်းဝပ်နေတဲ့ AAတပ်ဖွဲ့တွေက ပထမဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းမိတယ်။သူကိုစစ်ဆေးမေးမြန်ပြီးမှ အလယ်သံကျော်အဝင်၀ ရှိန်ခါလီစာသင်ကျောင်းထဲမှာ ပုန်းနေတဲ့စစ်အရာရှိကြီးတစ်ဦးနဲ့တပ်ဖွဲ့ဝင် ၆ ဦးကိုလက်ရဖမ်းမိတာ။ ဖမ်းမိတဲ့ စစ်အရာရှိက ဗျူဟာမှူးအဆင့်ရှိတယ်လို့တော့သိရတယ်။ နာမည်နဲ့ ဘယ်တပ်ရင်းကလဲဆိုတာမသိရသေးဘူး"ဟု သတင်းရင်းမြစ်ကပြောသည်။
လက်ရှိတွင် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများ ခေါ်ယူသွားပြီဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက် ၊ နံနက် ၉ နာရီခွဲအချိန်၌ အာရက္ခတပ်တော်(AA) မှ မောင်တော မြို့သူကြီးရှိ နခခ(၅)အားအပြီးသတ်သိမ်းပိုက်စဥ်အတွင်း စစ်ကောင်စီတပ်ဖွဲဝင် ၈၀ ခန့် မှာ အကြမ်းဖက် အာဆာအဖွဲ့ဝင်များနှင့်အတူလက်နက်မချဘဲ ထွက်ပြေးသွားခဲ့ကြသည်။
ထိုသို့လွတ် မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့်အနက် ၄၀ ကျော်အား AAဖက် လက်နက်များနှင့် အတူ မှ ဖမ်းမိထားပြီး ကျန် ၄၀ ခန့်မှာ ထွက်ပြေးလွတ်မြောက်နေခဲ့သည်။
ထွက်ပြေး လွတ်မြောက်နေသူများအား AA မှ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ပြီးနောက် ထပ်မံပြီး ၇ ဦးကို ဖမ်းမိခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၁၇ ရက် ည ၁၁ နာရီခန့်ကလည်းအလယ်သံကျော်နှင့်နှခေါင်းတိုကြားနခခ(၅)မှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို လက်နက်များနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့အတူ ဒီဇင်ဘာလ ၁၅ ရက် ညနေ ပိုင်း၌လည်း နခခ (၅) မှ လက်နက်မချဘဲ ထွက်ပြေးနေကြသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မောင်တောမြို့နယ်တောင်ပိုင်းရွှေဗဟိုကျေးရွာအနီး၌ အရာရှိတစ်ဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲဝင် ၆ဦးအားလက်နက်များနှင့်အတူဖမ်းဆီးရမိခဲ့ကြသည်။
ဒီဇင်ဘာလ၁၆ရက်နံနက်ပိုင်းကလည်းမောင်တောမြို့နယ် တောင်ပိုင်းခရေမြိုင်ကျေးရွာအနီး၌ ထွက်ပြေးနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးနှင့် တံတားအောက်တွင်ပုန်းနေသည့်စစ်ကောင်စီတပ်ဖွဲဝင် ၁ ဦးစုစုပေါင်း ၅ ဦးအားအာရက္ခတပ်တော်မှလိုက်လံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာလ (၁၇) ရက်နေ့ကလည်း နခခ-၅ မှ လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသည့်အမှတ် (၂၂) ခြေမြန် တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကိုလည်း အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့အပါအဝင် ငွေသားသိန်း (၈၀၀) ခန့်နှင့်အတူ မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန် တဲထဲ၌ အသေဖမ်းဆီးရမိခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားခဲ့သည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့မွန်းလွဲ ၂ နာရီ ကျော် အချိန်ခန့်တွင် ထွက်ပြေးလွတ် မြောက်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦး မှ မောင်တောမြို့နယ်၊ အထက်ကံသာယာကျေးရွာသို့ ဝင်ရောက်ပြီး ရွာရှေ့ ရေကန်တွင် ရေခတ်ဆင်းလာသည့် ရွာသူ /ရွာသားများ အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အမျိုးသား ၁ ဦးဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
နခခ(၅)မှလက်နက်ချအညံ့မခံဘဲကစဉ့်ကလျား ထွက်ပြေး နေကြသည့် စစ်ကောင်စီတပ်ဖွဲဝင်၂၀ ခန့်မှာ ဒီဇင်ဘာလ ၂၂ ရက်မနက်အရုဏ်၌ မောင်တောမြို့နယ်တောင်ပိုင်းကိုင်းကြီးမြိုရွာ မှ နွားငယ်တစ် ကောင်ခိုးယူပြီးမေယုတောင်တန်းအနီး၊ကိုင်းကြီးချောင်းဖျား၌ စခန်းချရပ်နားစားသောက်ခဲ့ကြသည်။
"အခုဖမ်းမိတဲ့ စစ်ကောင်စီ၇ ဦးက ကိုင်းကြီး မြို ရွာက နွားတစ်ကောင်ကို သတ်ပြီးစားခဲ့ကြတဲ့သူတွေဖြစ်နိုင်ပါတယ်"ဟု ဒေသခံတစ်ဦးကပြောဆိုသည်။