Preview

ဂွမြို့မှ နောက်ဆုံး လက်ကျန်တပ်ရင်း ခမရ(၅၆၂)  ကို AA သိမ်းပိုက်လိုက်ပြီးမြို့ကိုထိန်းချုပ်လိုက်ပြီဟု ဒေသခံများပြော

သဉ္ဇာနွယ် | ဒီဇင်ဘာ ၂၈/ ၂၀၂၄ | ကြည့်ရှုသူ :3489
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၂၈/၂၀၂၄

ရခိုင်ပြည်၊ဂွမြို့အခြေစိုက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် တပ်ရင်း ခမရ (၅၆၂) ကို အာရက္ခတပ်တော်(AA) မှ သိမ်းပိုက်လိုက်ပြီး ဂွမြို့တစ်ခုလုံးကို ထိန်းချုပ်ထားလိုက်ပြီဟု ဒေသခံများကပြောဆိုသည်။

" ၅၆၂ကို AAက  ဒီနေ့သိမ်းလိုက်ပါပြီ။  ဂွကို လေကြောင်းကနေလည်း လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတယ်။ တစ်နေကုန်ကြဲနေတာ။ ထွက်ပြေးနေတဲ့ စစ်သားတွေကို အေအေက လိုက်လံရှင်းလင်းနေတဲ့အတွက် တိုက်ပွဲကတော့ မငြိမ်းသေးဘူး။သိမ်းတာတော့သိမ်းထားပြီ" ဟုဒေသခံတစ်ဦးက ပြောသည်။

ဂွမြို့မှစစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်တပ်စခန်းတခုဖြစ်သည့် ခမရ(၅၆၂)ကို ယနေ့ဒီဇင်ဘာ၂၈ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဂွဒေသခံစစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကလည်း နိရဉ္စရာ သတင်းဌာနကို ပြောသည်။

စစ်ကောင်စီ ခမရ (၅၆၂)  တပ်ရင်းမှ  တပ်သားတချို့နှင့် ဧရာဝတီမှ စစ်ကူလာသည့် စစ်သားတချို့နောက်ဆုတ်ထွက်ပြေးလျက်ရှိသည်ဟု ပြောသည်။

" လက်ရှိတော့ ၅၆၂ က စစ်သားတွေနဲ့ ဧရာဝတီဖက်က စစ်ကူလာတဲ့ စစ်သားတွေအကုန်တပ်ဆုတ်ပြေးနေကြတယ်။ AA ကလိုက်မှီသလောက်ရှင်းလင်းနေတယ်" ဟု ပြောသည်။

ယင်းအပြင် ခမရ(၅၆၂)တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့ လက်နက်ချအညံ့ခံလာသူများနှင့် ဖမ်းဆီးရမိထားသူများလည်းရှိနေကြောင်း သိရသည်။

မြေပြင်သတင်းအရစစ်ကောင်စီတပ်သားများမှာ မကျည်းငူ တံတားကို ဖြတ်ပြီး မကျည်းစင်ဘက်သို့ ထွက်ပြေးနေကြသည်ဟု သိရသည်။

ဂွ အခြေစိုက် ခမရ(၅၆၃) ကိုတော့ ဒီဇင်ဘာ ပထမအပတ်ခန့်က သိမ်းပိုက်ခဲ့နိုင်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များကပြောသည်။

 ဂွ-ငသိုင်းချောင်း ရိုးကားလမ်းပေါ်တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီးနောက် ဗောဓိတံတားမှာ ကျိုးပျက်သွားပြီဖြစ်ကာ သွားလာလို့မရတော့ကြောင်း ဒေသခံများကပြောသည်။

ဂွမြို့ကိုလည်း ယနေ့ဒီဇင်ဘာ တစ်ရက်လုံး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီးမြို့ပေါ်ရပ်ကွက်မှ နေအိမ်များ မီးလောင်ပျက်စီးမှုများရှိနေကြောင်း သိရသည်။

လက်ရှိတွင် ဂွမြို့အခြေစိုက် တပ်ရင်း (၂)ခုကို AAမှ သိမ်းပိုက်ထားပြီဖြစ်ပြီး ဂွမြို့ကိုလည်း AA က ထိန်းချုပ်ထားပြီဖြစ်သည်။ 

ယခု ဂွမြို့ကို အပြီးသတ် သိမ်းပိုက် ထိန်းချုပ်လိုက်သည့် သတင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သခုအား ဆက်သွယ်မေးမြန်းထားပြီး အကြောင်း မပြန်ကြားသေးပါ။

 

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.