နိရဉ္စရာ၊ ဒီဇင်ဘာ ၃၀/ ၂၀၂၄
ဧရာ၀တီတိုင်းနှင့်အစပ် ရခိုင်ပြည်တောင်ဘက်နယ်နမိတ်အဆုံး ကျောက်ချွန်တွင် အာရက္ခတပ်တော် ( AA)က ယနေ့ နံနက်က အလံလာစိုက်သည်ဟု ဒေသခံကျေးရွာသားများက ပြောသည်။
“ AA က ကျောက်ချွန်မှာ အလံလာစိုက်တယ်လို့ သိရပါတယ်။ ကျောက်ချွန်ရဲ့ တစ်ဖက်ကမ်းမှာတော့ ချောင်း၀ချိုင်ဆိုတဲ့ရွာရှိတယ်။ အဲဒီချောင်း၀ချိုင်က ဧရာ၀တီတိုင်း၊ ဒီဘက်က ကျောက်ချွန်က ရခိုင်ပြည်နယ်နယ်နမိတ်အဆုံး။ အဲဒီမှာလာပြီး အလံစိုက်တယ်လို့ နယ်ခံတွေက ပြောလာပါတယ်” ဟု ဒေသအတွင်းက လူမှုရေး လှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။
ကျောက်ချွန်တစ်ဖက်ကမ်း ချောင်း၀ချိုင်မှာ ရွှေသောင်ယံမြို့နယ်ခွဲ အစဖြစ်ပြီး ၎င်းရွာတွင် စစ်ကောင်စီမှ စခန်းချထားသည်ဟု ၎င်းက ပြောသည်။
၎င်းကျောက်ချွန်ချောင်းမှာ ပေ ၁၀၀ ခန့်နက်ပြီး ဒီရေကျရင် ရေမှာ ဒူးလောက်သာရှိပြီး ဟိုဖက် သည်ဖက် လူဆင်းလျှောက်၍ ရသည်ဟု ဆိုသည်။
“ ချောင်းရဲ့ ဒီဖက်မှာက အေအေက အလံထောင်ထားတယ်။ တစ်ဖက်ကမ်းမှာတော့ စကစ တပ်ရှိတယ်။ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာတော့ မသိသေးဘူး။ အေအေက အခု ဧရာ၀တီတိုင်း အစပ်နေရာတွေကို ရောက်လာပါပြီ”ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိ အာရက္ခတပ်တော်သည် ဂွမြို့တစ်ဖက်ကမ်း မကျည်းငူ၊ ရွှေရတီမြို့သစ် စီမံကိန်း၊ တာလောင်ကြီး၊ သင်ပေါင်းတော၊ တောင်ပေါက်တို့ကို ကျော်လွန်ပြီး ဧရာ၀တီတိုင်းနှင့် အစပ် ကျောက်ချွန်တွင် AA၏ အလံကို လာစိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။