Preview

ကျောက်ဖြူ ရဲတပ်ရင်း(၃၂)နှင့် AAတို့နှစ်ဖက်စစ်ရေးတင်းမာနေ၊ စစ်ကောင်စီကသေနတ်ပစ်ဖောက်မှုများပြုလုပ်နေ၍ ဒေသခံများစိုးရိမ်

သဉ္ဇာနွယ် | ဒီဇင်ဘာ ၃၀/ ၂၀၂၄ | ကြည့်ရှုသူ :1682
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ဒီဇင်ဘာ ၃၀/၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ရဲတပ်ရင်း(၃၂)နှင့် အာရက္ခတပ်တော် (AA)တို့နှစ်ဖက် အကြားစစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့အနီးကရဲတပ်ရင်း (၃၂)နှင့် အာရက္ခတပ်တော်(AA)တို့ ယခုဒီဇင်ဘာ နောက်ဆုံးအပတ်မှစ၍စစ်ရေးတင်းမာနေသည့်အနေအထား ရှိနေသဖြင့်  မြို့တွင်းမြို့ပြင်ဖြတ်သန်းသွားလာခွင့်များ  ပိတ်လိုက်ပြီဟု ကျောက်ဖြူဒေသခံ အမျိုးသား တစ်ဦးကနိရဉ္စရာ ကိုပြောသည်။

" စစ်ရေးအခြေအနေကတင်းမာကတော့ဘယ်နေ့ဘယ်အချိန် ဖြစ်မလဲဆိုတာ ကျနော်တို့မသိဘူး။ ဒါကြောင့်နေ့ခင်းဖက်လည်းမထွက်ရဲဘူး။  အခုလမ်းပေါ်မှာ ပြည်သူတွေသွားလာနေတာ တွေမရှိဘူး။ မြို့အဝင်အထွက်မရှိဘူး" ဟုပြောသည်။

ကျောက်ဖြူမြို့ပေါ်တွင်လည်းညဖက်အချိန်တွင် စစ်သင်တန်းဆင်းမွတ်ဆလင်၊ ရဲနှင့်စစ်သားများပူးပေါင်းကာမြို့ထဲကင်းလှည့်မှုများရှိပြီး ရဲတပ်ရင်း(၃၂)မှလည်း  သေနတ်ပစ်ခတ်မှုများ မကြာမကြာပြုလုပ်နေသည်ဟု မြို့ခံတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" မြို့ထဲကစစ်သားတွေရဲတွေနဲ့ ရဲတပ်ရင်းဘက်တွေကသေနတ်ဖောက်တာတွေလုပ်တယ်။ညဘက်ဖောက်တာပိုများတယ်။သူတို့က ညဖက်ထွက်တဲ့လူတွေ့ရင်ပစ်မယ်။မြို့ထဲကလူတွေရော။ရဲတပ်ရင်းနားကရွာကဒေသခံတွေ လုံးဝအပြင်မထွက်ရဲကြတော့ဘူး။၃၂ရဲတပ်ရင်းကလည်း သူတို့မှန်းဆလို့မရတဲ့နေရာ တွေကသွားရင်တောင်မှ လက်နက်ငယ်နဲ့လှမ်းပစ်တယ်။ ကျနော်တို့လက်လုပ်လက်စားတွေအခက်ခဲဖြစ်နေရတယ်  " ဟုပြောသည်။

ယခုဒီဇင်ဘာလအတွင်းတွင် စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်အနီးတစ်ဝိုက် တော၊တောင်အနီးအနားများကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်း၊ဒရုန်းဖြင့် ပစ်ခတ်ခြင်းများမကြာခဏပြုလုပ်လျက်ရှိကြောင်း ဒေသခံများကပြောသည်။

နိုဝင်ဘာလအတွင်းကလည်း ကျောက်ဖြူမြို့ရှိအမှတ်(၃၂)ရဲတပ်ရင်းကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်မည်ဟုသတင်းများထွက်ပေါ်ခဲ့၍ မြို့ခံများအပါအဝင် ရဲအရာရှိမိသားစုများနှင့်စစ်တပ်မိသားစုများ မြို့ကိုစွန့်ခွာသွားခဲ့ကြသည်။

ကျောက်ဖြူမြို့နယ်တွင် ဓညဝတီရေတပ်ဌာနချုပ်၊တောင်မော်ကြီးရေတပ်စခန်း၊ ခြေလျင်တပ်ရင်း ခလရ (၃၄)၊ ခမရ (၅၄၂)နှင့် ခမရ (၅၄၃) ၊အမှတ်(၃၂)ရဲတပ်ရင်းတို့ရှိသည်။

ကျောက်ဖြူမြို့ကိုအာရက္ခ တပ်တော်(AA)မှဝန်းရံ ထားသည် အထင်ဖြင့်စစ်ကောင်စီ၏ရဲတပ်ရင်း(၃၂)မှအနီးအနားကျေးရွာများ၊ တောင်တန်းများကိုလက်နက်ကြီးများနဲ့ရမ်းသန်းပစ်ခတ်မှုများရှိနေကြောင်းသိရသည်။

ကျောက်ဖြူမြို့၏နေရာအနှံ့အပြားတွင်လည်း စစ်ကောင်စီအင်အားများတိုးချဲ့ကာ နေရာယူထားပြီး ဖမ်းဆီးစစ်ဆေးမှုများလည်း  ပိုမိုပြုလုပ်လာကြောင်း သိရသည်။ 

 

------

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.