Preview

စစ်တွေမြို့ထဲသို့ ပြောင်းရွေ့ခံထားရသည့် မြို့ပြင်ကျေးရွာများမှ ဒေသခံများထမင်းနပ်မမှန်မှုများနှင့်ကြုံနေကြရဟုဆို

နှင်းနွယ်နီ | ဒီဇင်ဘာ ၃၁/ ၂၀၂၄ | ကြည့်ရှုသူ :1025
ရခိုင် သတင်း

နှင်းနွယ်နီ၊ နိရဥ္စရာ၊ ဒီဇင်ဘာ ၃၁/၂၀၂၄

စစ်တွေမြို့ထဲရှိ ဘုန်းကြီးကျောင်းများသို့ အတင်းပြောင်းရွေ့ခံထားရသည့် မြို့ပြင်ကျေးရွာများမှ ဒေသခံများမှာ ကူညီ‌ထောက်ပံ့မှုများမရ၍ ထမင်းနပ်မမှန်မှုများ ကြုံတွေ့နေကြရသည်ဟု သိရသည်။

ယတြာကျောင်းသို့ အတင်းပို့ဆောင်ခြင်းခံထားရသည့် ဗျိုင်းဖြူရွာမှ အမျိုးသမီးငယ်တစ်ဦးက “ကျမတို့လည်း ငတ်နေကြပါပြီ။ ထမင်းတစ်ခုတည်း စားတဲ့သူမှာ စားရပါတယ်။ တစ်ခါတလေကျရင် ထမင်းစားမယ့်အချိန်လွန်သွားပြီးထမင်းမစားလိုက်ရဘူး” ဟု ပြောသည်။

WFP က ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြသောသူ တစ်ဦးစီကို တစ်လတွင် ၅၀၀၀၀ ကျပ်စီ ‌ထောက်ပံ့ပေးနေခြင်းရှိသော်လည်း တခြား အလှူရှင်များမရှိခြင်းနှင့် လက်ရှိ ကုန်စျေးနှုန်းအခြေအနေများကြောင့် မလောက်မငှ ဖြစ်နေကြရသည်ဟု သူမက ဆက်ပြောသည်။

“ထမင်းစားမယ့်ဟာလည်း မရှိ၊ သောက်မယ့်ဟာလည်း မရှိ။ လူတွေ လူရုပ်မပေါက်တော့ဘူး။ ပိန်လွန်းလို့။ အမျိုးသမီးတွေဆို ဓမ္မတာလာရင် လစဥ်သုံး မရှိလို့ ဝယ်သုံးရပါတယ်။ တချို့ဆိုရင် မသုံးဘဲ ထဘီတစ်ထည်တည်းနဲ့ ထိုင်ပြီး နေကြရပါတယ်” ဟု ပြောသည်။

စစ်ကောင်စီမှ စစ်တွေမြို့ထဲသို့ အတင်းပြောင်း‌ရွေ့ခိုင်းခဲ့ခြင်းခံခဲ့ရသော ကျေးရွာများမှာ ဗျိုင်းဖြူရွာ၊ ရွှေမင်းဂံ၊ ကျေးတောပိုက်ဆိပ်၊ ကျေးတောရွာမ၊ ရွှေပြည်သာ၊ အောင်တိုင်၊ ပလ္လင်ပြင်၊ ကြွီတဲ၊ ပါဒလိပ်၊ ရေချမ်းပြင်၊ အုန်းရေဖော်၊ ကျက်တောပြင်၊ ‌မောင်နီပြင်နှင့် သင်းပုန်းတန်းကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်တို့ ဖြစ်ကြသည်။

အဆိုပါ ကျေးရွာများမှ ပြည်သူများကို စစ်တွေမြို့ပေါ်ရှိ စစ်ကဲတော်မင်းကျောင်း၊ ယတြာကျောင်း၊ ဓမ္မရုံကျောင်း၊ သင်္ခရာဇာကျောင်း၊ အိမ်စိုးမေမိကျောင်း၊ ရွှေစေတီကျောင်း၊ ပြည်တော်ပြန်ကျောင်း၊ သိန္ဓိကာရုံကျောင်း၊ မဏိရတနာကျောင်းနှင့် ဓမ္မရိပ်သာကျောင်း အပါအဝင် ဘုန်းတော်ကြီးကျောင်းပေါင်း ၃၀ ကျော်တို့တွင် စစ်ကောင်စီက နေရာချပေးထားသည်။

လက်ရှိတွင် စစ်ဘေးရှောင်အများစုသည် ကုန်စုံဆိုင်များမှ အကြွေးဝယ်ယူစားသောက်နေရခြင်းအပြင် နီးစပ်ရာ အသိမိတ်ဆွေများထံမှ ငွေကြေးချေးယူကာ စားသောက်နေကြရပြီး အကြွေးလာတောင်းလျှင် ပေးစရာ ငွေကြေးမရှိ၍ မျက်နှာပျက်ရသည့်ကိစ္စများပင် ရှိသည်ဟု ယတြာကျောင်းတွင် ခိုလှုံနေထိုင်နေသည့် အသက် ၆၀ ခန့်အရွယ် အမျိုးသားတစ်ဦးက နိရဥ္စရာကိုပြောသည်။

“စားရေးသောက်ရေးအတွက် အကြီးအကျယ် အခက်အခဲ ဖြစ်နေပါတယ်။ ပိုက်ဆံမရှိလို့ အကြွေးဝယ်ပြီး စားနေကြရလို့ အရင်တစ်ရက်၊ နှစ်ရက်က ဆိုင်သည်တွေ အကြွေးလာတောင်းလို့၊ စကားများကြလို့ ပိုက်ဆံရတဲ့အချိန် ပြန်ပေးဖို့ပြော။ မိဘတွေဆို သူတို့မစားဘဲ အငတ်ခံပြီး ကလေးတွေကို ထမင်းကျွေး။ ဒီလို အခြေအနေပါ” ဟုပြောသည်။

စစ်ကဲတော်မင်းကျောင်းတွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးကလည်း ကူညီထောက်ပံ့မှုများမရ၍ စစ်ဘေးရှောင် အများစု ထမင်းနပ်မမှန်ဖြစ်နေကြပြီး စားနပ်ရိက္ခာ အပူတပြင်း လိုအပ်နေသည်ဟု နိရဥ္စရာကိုပြောသည်။

“ အခက်အခဲက ငတ်နေပါပြီ။ စားမယ့်ဟာတောင် မရှိပါ။ အခု ထမင်းတောင် မချက်ရသေးဘူး။ သူများဆီက ဆန်တစ်သိုက်(၄ ဘူး) သွားချေးခိုင်းထားပါတယ်။ စားစရာမရှိလို့ ဟင်းသီးဟင်းရွက် သွားခူးတာတောင် ခွေးကိုက်လိုက်လို့ အခု သွားမရောက်ဖြစ်နေပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်က စစ်တွေ ဗျိုင်းဖြူရွာမှ ရွာသား ၇၉ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့ကာ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများကို စစ်ကောင်စီက စစ်တွေမြို့ထဲရှိ ဘုန်းတော်ကြီးကျောင်းသို့ အတင်းပို့ဆောင်ခဲ့သည်။

ထိုကိစ္စအပြီးတွင် တခြားကျေးရွာများမှ ဒေသခံပြည်သူများကိုလည်း လုံခြုံအကြောင်းပြပြီး ကျေးရွာများမှ အတင်းနှင်ထုတ်ကာ မြို့ထဲရှိ ဘုန်းတော်ကြီးကျောင်းများတွင် စုပြုံနေရာချထားခဲ့သည်။

သို့သော် အဆိုပါဒေသခံပြည်သူများအတွက် စစ်ကောင်စီက စားနပ်ရိက္ခာကူညီထောက်ပံ့ခြင်းလည်း မရှိဘဲ မျက်ကွယ်ပြုထားသည့်အတွက် ပြည်သူများ ထမင်းနပ်မမှန်မှုများကြုံတွေ့နေရသည်ဟု ပြောဆိုကြသည်။

 

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.