Preview

ရခိုင်တစ်ပြည်လုံးနီးပါးသိမ်းပိုက်ထားသည့် AA ကို ကန့်ကွက်ကြောင်း စစ်ကောင်စီနှင့်လက်တွဲနေသည့် အဖွဲ့အစည်းများထုတ်ပြန်

အေးမြတ်ခိုင် | ဒီဇင်ဘာ ၃၁/ ၂၀၂၄ | ကြည့်ရှုသူ :21346
ရခိုင် သတင်း

အေးမြတ်ခိုင်၊ နိရဥ္စရာ၊ ဒီဇင်ဘာ ၃၁/၂၀၂၄ 

အာရက္ခတပ်တော်(AA) က ရခိုင်တစ်ပြည်လုံးနီးပါးသိမ်းပိုက်ထားသည့်အချိန်တွင်  AA ကို ကန့်ကွက်ကြောင်း စစ်ကောင်စီ နှင့်လက်တွဲနေသည့်အဖွဲ့များက စစ်ကောင်စီပိုင် သတင်းစာများမှတဆင့် ထုတ်ပြန်လာကြသည်။ 

ယနေ့ ဒီဇင်ဘာလ ၃၁ ရက်ထုတ် စစ်ကောင်စီလက်အောက်ခံ သတင်းစာများမှတဆင့် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း YMBA(ဗဟိုဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေ) အဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ စသည့် အဖွဲ့အစည်းပေါင်း (၁၉) ဖွဲ့က ပုံစံတူ ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။ 

ထုတ်ပြန်ချက်များတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးနေသည့်တိုက်ပွဲများမှာ AA က အကြမ်းဖက် လုပ်ရပ်များကျူးလွန်ခဲ့ပြီး တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးများနှင့် လူမမည် ကလေးငယ်များကိုလည်း လူမဆန်စွာသတ်ဖြတ်ခဲ့သည်ဟုဆိုထားကာ လက်နက်ကိုင်သူပုန်အဖွဲ့များထဲတွင် AA သည် အရက်စက်ဆုံးအဖွဲ့ဖြစ်ကြောင်း ရေးသားထားကြသည်။ 

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) က မြို့နယ် ၁၄ ခု နှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ရခိုင်တစ်ပြည်လုံး သိမ်းပိုက်နိုင်ဖို့ စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင် (၃) မြို့နယ်သာကျန်ရှိတော့သည်အချိန်တွင် ယခုကဲ့သို့ စစ်ကောင်စီ၏ အပေါင်းအပါအဖွဲ့များက ထုတ်ပြန်လာခြင်းဖြစ်သည်။  

စစ်ကောင်စီကို ထောက်ခံသည့်အဆိုပါအဖွဲ့များက ကန့်ကွက်စာများထုတ်ပြန်ရာတွင်လည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့ ထုတ်ပြန်ချက်မှာ တူညီနေသဖြင့် စစ်ကောင်စီက ရေးပေးလိုက်သည့် စာကို ထုတ်ပြန်ခြင်း ဖြစ်နိုင်သည်ဟုလည်း နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောဆိုသည်။    

အဆိုပါ (၁၉) ဖွဲ့သည် “၁၀၂၇ စစ်ဆင်ရေး” ကိုလည်း ကန့်ကွက်စာထုတ်ပြန်ခဲ့ဖူးပြီး စက်တင်ဘာလက စစ်ကောင်စီ၏“နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်ကမ်းလှမ်းမှု”ကိုလည်း တညီတညွှတ် ထောက်ခံခဲ့ကြသည်။

 

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.