Preview

ပုဏ္ဏားကျွန်း ယိုးတရုပ်ရွာကို စစ်ကောင်စီလေတပ် ဗုံးလာကြဲ၍ အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရ

မောင်စာဂ | ဒီဇင်ဘာ ၃၁/ ၂၀၂၄ | ကြည့်ရှုသူ :933
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၃၁ /၂၀၂၄

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာကို စစ်ကောင်စီလေတပ်က ယနေ့နေ့လယ်တွင် ဗုံးလာကြဲ၍အမျိုးသမီးနှစ်ဦးအပါအဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ဆရာတော် တစ်ပါးအဝင်  ၁၀ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယနေ့ဒီဇင်ဘာလ ၃၁ ရက်၊ နေ့လယ် ၁ နာရီကျော်တွင် စစ်ကောင်စီသည် ဂျက်ဖိုက်တာတစ်စီးဖြင့်နှစ်ကြိမ်တိုင် လူနေရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် စစ်ရှောင်များနေထိုင်သည့် စာသင်ကျောင်းကို  ဗုံးနှစ်လုံးလာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သေဆုံးခဲ့ရသူမျာမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာမှ  ဒေါ်မသာလှ(၇၆နှစ်)၊ ၊ တန်းခိုးရွာက မဦးဆန်းနွယ်(၂၅ နှစ်)၊ ယိုးတရုပ်ရွာတွင်စစ်ရှောင်နေသူ  ကွမ်းတောင်ရွာမှ ကိုမျိုးဇော်ထွန်း(၁၈နှစ်)တို့ဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရရှိသွားသူများမှာ ကျောင်းထိုင်ဆရာတော်တစ်ပါး၊ အမျိုးသမီးသုံးနှင့် အမျိုးသား ခြောက်ဦးတို့ဖြစ်ကြသည်။  

ဒေသခံတစ်ဦးက"လူနေရပ်ကွက်ထဲကို ဗုံး နှစ်လုံး ချတာ။ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းကို ချတာ။ အပြစ်မဲ့ပြည်သူတွေသေဆုံးကြရတာ "ဟုပြောသည်။

ယခုဖြစ်စဥ်ကြောင့်ယိုးတရုပ်ရွာစာသင်ကျောင်းအပါအဝင် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်တစ်လုံး ပျက်စီးသွားခဲ့သည်ဟုလည်း သူက ပြောသည်။

ယိုးတရုပ်ရွာကို ဗုံးကြဲခဲ့စဥ်နယ်မြေချင်းထိစပ်နေသည့် ကျောက်တော်မြို့နယ်ရှိ ကျေးရွာအချို့မှလည်းဂျက်လေယာဥ်ပေါ်မှ ဗုံးကြဲသံများကို ကျယ်ကျယ်လောင်လောင်ကြားခဲ့ရသည်ဟု ကိုယ်တိုင်ကြားသိခဲ့ရသူအချို့က ပြောသည်။

အေးချမ်းတည်ငြိမ်နေသည့်ယိုးတရုပ်ရွာသည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိပြီး ပုဏ္ဏားကျွန်းမြို့နယ်ကို အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့် မတ်လ ၄ ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.