နိရဉ္စရာ၊ ဇန်နဝါရီ ၂/ ၂၀၂၅
ရန်ကုန်မြို့ နေရာအများအပြားတွင် စစ်ကောင်စီတပ်က ရခိုင်လူမျိုးများနေထိုင်သည့် အဆောင်များ၊ နေအိမ်များ၊ အလုပ်သမား တန်းလျားများကို ညအချိန်ဧည့်စာရင်း စစ်ဆေးရာတွင် အင်္ကျီချွတ်ခိုင်းပြီး ရခိုင်နှင့် သက်ဆိုင်သော တက်တူးများထိုး၍ ရှိ မရှိကို အဓိက စစ်ဆေးသည်ဟု သတင်းရရှိသည်။
ပြည်မဘက်ရောက် ရခိုင်လူမျိုးတစ်ဦးက “ ကျွန်တော် ရခိုင်တွေကို ဧည့်စာရင်း စစ်တဲ့အထဲမှာ သူတို့က ပထမ ဧည့်စာရင်း တိုင်မတိုင်နဲ့ မှတ်ပုံတင်ကို စစ်ဆေးတယ်။ ဒုတိယ အင်္ကျီချွတ်ခိုင်းပြီး ရခိုင် အမျိုးသားရေးနဲ့ သက်ဆိုင်တဲ့ တက်တူးတွေကို ခန္ဓာကိုယ်ပေါ်နဲ့ လက်မောင်းတွေမှာ ရှိ မရှိကို အဓိက စစ်ဆေးတယ်။ တတိယကတော့ ဖုန်းတွေမှာ အေအေနဲ့ သက်ဆိုင်တဲ့ပုံတွေ၊ စာတွေရှိလား အဲသလို စစ်တယ်”ဟု ပြောသည်။
ရခိုင်အမျိုးသားများသည် လက်မောင်းနှင့် လက်ဖျံများတွင် ရခိုင်သွီး (ရခိုင်သွေး) စကားလုံးကို အများအားဖြင့် ရေးထိုးလေ့ရှိပြီး ခန္ဓာကိုယ်နောက်ကျောကုန်းတွင် လင်းယုန်ငှက်ရုပ်၊ Arakan စကားလုံးကို အင်္ဂလိပ်လို တက်တူးထိုးလေ့ရှိကြသည်ဟု ၎င်းက ပြောဆိုသည်။
“ ဘယ်တက်တူးဘဲဖြစ်ဖြစ် ရခိုင်အမျိုးသားရေးနဲ့ ဆိုင်တဲ့တက်တူးထိုးတာကိုတွေ့ရင် ဖမ်းတယ်။ AA နဲ့ ပတ်သက်လို့ ထိုးလို့တွေ့ရင် ပြန်လွှတ်လာဖို့ မသေချာတော့ဘူး။ အဲသလို တက်တူးမျိုးထိုးထားတာ တွေ့လို့ရှိရင် ခေါ်သွားပြီး ရိုက်ပုတ်တာ၊ အရေပြားတိ လှီးပစ်တာတွေ ရှိတယ်လို့ ကြားရပါတယ်။ သူတို့က ဒီတက်တူးထိုးတာဆိုရင် ရခိုင်အမျိုးသားရေးသမား၊ အေအေကို ထောက်ခံသူလို့ ယူဆပြီး ဖမ်းတော့တာပါဘဲ” ဟု ၎င်းက ပြောသည်။
လွန်ခဲ့ရက်ပိုင်းက ညဉ့်အချိန်တွင်လည်း ရွှေပြည်သာ ထန်းခြောက်ပင်အနီးတွင်လည်း ရခိုင်လူငယ်များ နေထိုင်သည့် အဆောင်တစ်ခုကို ညအချိန် ဝင်ရောက်စစ်ဆေးရာ ခန္ဓာကိုယ်နှင့် ဖုန်းများကို အဓိက စစ်ဆေးခဲ့သည်ဟု နောက်ထပ် ရွှေပြည်သာတွင် နေထိုင်သူ တစ်ဦးက ပြောသည်။
“ သူတို့က အင်္ကျီချွတ်ခိုင်းပြီး ခန္ဓာကိုယ်ပေါ်မှာ တက်တူးရှိ မရှိ စစ်ဆေးတယ်လို့ပြောပါတယ်။ အားလုံးကို အင်္ကျီချွတ်ခိုင်းပြီး စစ်တယ်လို့ပြောပါတယ်။ ရခိုင်က စက်ရုံတွေမှာအလုပ်လာလုပ်တဲ့ ကလေးတွေ ၂၀ လောက်တောင်ရှိတယ်လို့ပြောတယ်။ ဧည့်စာရင်းလည်းတိုင်ထားတယ်။ ခန္ဓာကိုယ်ပေါ်မှာ ဘာမှလည်း မတွေ့သလို ဖုန်းမှာလည်း ဘာမှ မရှိတော့ တစ်ယောက်မှ အဖမ်းမခံခဲ့ရဘူးလို့ သိရပါတယ်” ၎င်းက ပြောသည်။
ရန်ကုန်မြို့နေရာအများအပြား (အထူးသဖြင့် မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ) တို့တွင် ညအချိန် ဝင်ရောက်စစ်ဆေးမှုများရှိနေပြီး ဖမ်းဆီးခံနေရသူအများအပြားရှိနေကာ ထိုအထဲက ပိုက်ဆံ မပေးနိုင်သူများအား အင်းစိန်ထောင်သို့ ပို့ဆောင်ပစ်သည်ဟု ၎င်းက ပြောဆိုသည်။
ထိုသို့ ဖမ်းဆီးခံရသူများအထဲတွင် ရခိုင်အမျိုးသမီးများလည်း ပါဝင်ပြီး အဓိက ဖုန်းထဲတွင် အေအေနှင့် ပတ်သက်သော ဓာတ်ပုံများ၊ စာများကိုတွေ့လျှင် ဖမ်းဆီးသည်ဟု သိရသည်။
လွန်ခဲ့သော တစ်ပတ်ကလည်း ရခိုင်အမျိုးသမီးငယ်နှစ်ဦးကို ဖုန်းထဲတွင် အေအေနှင့် ပတ်သက်သည့် ဓာတ်ပုံနှင့် စာကိုတွေ့သွား၍ အင်းစိန်ထောင်သို့ ပို့ပစ်ကာလက်ရှိ အမှုကို ရင်ဆိုင်နေရသည်ဟု သိရသည်။
လွန်ခဲ့သည့် ဒီဇင်ဘာ ၃၁ ရက် ညနေကလည်း မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည့် ရခိုင်အမျိုးသမီးငယ် တစ်ဦးကို နှစ်သစ်ကူးပွဲသွားရန် သူငယ်ချင်းများကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံခဲ့ရကာ ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု သိရှိရသည်။
(ပုံစာ- ရခိုင် တက်တူးပုံ/ Online)