အေးမြတ်ခိုင် ၊ နိရဥ္စရာ၊ ဇန်နဝါရီ ၂/၂၀၂၅
ရခိုင်ပြည်၊တောင်ကုတ်နှင့် ပဲခူးတိုင်းအစပ် တောင်ကုတ်မြို့နယ် အတွင်းရှိ ရခိုင်ရိုးမပေါ်မှ တောင်ပုံကြီးစခန်းကိုအာရက္ခတပ်တော်(AA) က ယမန်နေ့က ဝိုင်းရံပိတ်ဆို့တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁ ရက်၊ နံနက်ပိုင်းမှာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်နှင့်ကပ်လျက်ရှိသည့် တောင်ကုတ်မြို့နယ်မှနောက်ဆုံးလက်ကျန် တောင်ပုံကြီးစခန်းကို အေအေက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အေအေနှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“အဲ့ဒီစခန်းကိုလည်းတောင်ကုတ်သိမ်းပြီးကတည်းက ဝိုင်းရံပိတ်ဆို့ပြီး စောင့်ကြည့်ထားတာ။သူတို့လည်းသိတယ်။ သိပ်မလှုပ်ရဲဘူး။ လှုပ်တာနဲ့ ဒီဘက်ကနေ ပစ်တာတွေရှိတယ်။သူတို့(စစ်ကောင်စီ) မနေ့က စစ်ရေးစတင်လှုပ်ရှားလာလို့ အေအေက ပစ်တယ်။တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး သူတို့ဘက်က လေကြောင်းတိုက်ခိုက်ခဲ့တာတွေလည်း ရှိခဲ့တယ်”ဟု ပြောသည်။
ရခိုင်-ပဲခူးနယ်စပ်ဂိတ်လည်း ဖြစ်သည့် တောင်ပုံကြီးစခန်းသည် ပန်းတောင်း-တောင်ကုတ်ကားလမ်းပေါ်တွင် တည်ရှိပြီး စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းထုတ်လုပ်သည့်စက်ရုံများ ဖြစ်သော ကပစ (၃)၊ ကပစ (၅) ၊ ကပစ(၆)၊ ကပစ (၉ )၊ ကပစ (၁၆)များတည်ရှိရာ ပန်းတောင်းမြို့နယ်ကို ဝင်ရောက်ရန် စစ်ရေးအရ အရေးပါသည့် စခန်းဖြစ်သည်။
ယမန်နေ့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့သေဆုံးခဲ့သလို စစ်ကောင်စီကတောင်ပုံကြီးစခန်းအနီးညောင်ကျိုး၊ မိုက်ကရို၊ သပြေကျေးရွာများကိုဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီးဒေသခံများသည်လည်း စစ်ပွဲကြောင့် ဥသျှစ်ပင်မြို့သို့စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သားထိခိုက်သေဆုံးမှုများကို ဆက်သွယ်ရေးအခက်အခဲကြောင့်နိရဥ္စရာအနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
လက်ရှိမှာ တိုက်ပွဲယာယီရပ်တန့်နေကြောင်း သိရသည်။
အာရက္ခတပ်တော်(AA) က တောင်ကုတ်၊ အမ်း နှင့် ဂွမြို့တို့ကို သိမ်းပိုက်ပြီးနောက် ပဲခူးနှင်ဧရာဝတီတိုင်းတို့ကို စစ်ရေးကူးစက်လာမည်ကို စိုးရိမ်၍ စစ်ကောင်စီကအင်အားများဖြည့်တင်းကာ စစ်ရေးပြင်ဆင်မှုများ တောက်လျှောက်ပြုလုပ်ခဲ့သည်။
(ဓာတ်ပုံ-ULA/AA တပ်သားများကို စစ်မြေပြင်တစ်နေရာ၌တွေ့ရစဉ်/ပုံဟောင်း)