အေးမြတ်ခိုင်- နိရဥ္စရာ၊ ဇန်နဝါရီ ၂/၂၀၂၅
အဖမ်းအဆီးများနေသည့်အတွက် အမျိုးသားရေးနှင့်သက်ဆိုင်သည့် ရုပ်ပုံများကို တက်တူးထိုးထားသည့် စစ်တွေ နှင့် ရန်ကုန်ရောက်ရခိုင်လူငယ်များအနေဖြင့် တက်တူးများကိုပြန်ဖျက်နေရကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်အတွင်းမြို့သိမ်းတိုက်ပွဲများကြောင့် ရန်ကုန်သို့ စစ်ဘေးရှောင်လာကြသည့်ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီက ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလအတွင်းမှစတင်ကာ စစ်ဆေးမှုတင်းကျပ်ပြီး ဖမ်းဆီးမှုများ ရှိနေသည်ဟုစစ်ဘေးရှောင်များက ပြောသည်။
“ယောကျ်ားလေးတွေက အဝတ်အစားတွေပါ ချွတ်ပြရတယ်။ လက်ရှည်ဝတ်ထားရင် မိန်းကလေးတွေပါ အင်္ကျီတွေလှန်တင်ပြရတယ်။ထဘီဝတ်ထားတာတောင် ပေါင်လောက်အထိ လှန်ပြရတယ်။ အာရကန်တို့ ရက္ခိတတို့လိုတက်တူးမျိုးရှိနေရင် ဖမ်းသွားတာတွေရှိတယ်”ဟု မင်္ဂလာဒုံမြို့နယ်၊ပုလဲသင်္ကန်းကျွန်းမှာနေထိုင်သည့် ရခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ဒီဇင်ဘာလ ၃၀ ရက်က ပုလဲသင်္ကန်းကျွန်းမှ အမျိုးသမီး တစ်ဦးအပါအဝင်ရခိုင်စစ်ဘေးရှောင် ၅ ဦးကိုဖမ်းဆီးခဲ့ပြီး ငွေကြေးပေးကာ အာမခံဖြင့် ၄ဦးပြန်လွတ်လာခဲ့ပြီးနောက်တစ်ဦးကိုလက်ရှိ အချိန်ထိ ဖမ်းဆီးထားသည်ဟု သူမက ဆက်ပြောသည်။
ဧည့်စာရင်းအကြောင်းပြဝင်ရောက်စစ်ဆေးစဉ်ရခိုင်လူမျိုးများကို တခြားလူမျိုးများထက် စစ်ဆေးရေးတင်းကျပ်ပြီးအဝတ်အစားများချွတ်ကာ တက်တူးများရှိမရှိစစ်ဆေးသည်ဟု ကိုယ်တိုင်ကြုံခဲ့ရသည့်ရန်ကုန်မှာ စစ်ဘေးရှောင်နေသော အမည်မဖော်လိုသူ ရခိုင်လူငယ်တစ်ဦးက ပြောသည်။
ရခိုင်အမျိုးသားရေးနှင့် သက်ဆိုင်သည့် တက်တူးများရှိပါက ဖမ်းဆီးသည့်အတွက် တက်တူး ပြန်ဖျက်သူများ များနေသည်ဟု သူက ပြောသည်။
“အခုအဖမ်းအဆီးတွေများလာတော့ မနေ့က တက်တူးသွားဖျက်တာ တက်တူးဆိုင်မှာကိုယ့်လူမျိုးတွေနဲ့ ထိပ်တိုက်သွားဆုံတယ်။ သူတို့လည်း ကျနော့လိုပဲအခြေအနေမကောင်းလို့ လာဖျက်ကြတာ ပြောတယ်။ ပိုက်ဆံကုန်လည်းကုန်တယ်။ လောလောဆယ်လုံခြုံဖို့အရေးကြီးတယ်”ဟု သူက ပြောသည်။
ယင်းအပြင် စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေမြို့မှာလည်း ရခိုင်အမျိုးသားရေးတက်တူးထိုးထားသည့် အမျိုးသားများကို ဖမ်းဆီးမှုများကြောင့် တက်တူးပြန်ဖျက်နေကြရကြောင်း စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကိုယ့်အသားမှာကိုယ်တက်တူးထိုးရင်တောင် အဖမ်းခံရတဲ့အဖြစ်။ ရခိုင်အလံ၊ ARAKAN ၊ Rakhine တို့ထိုးထားရင်ကို ဖမ်းတယ်။ စားစရာသာမရှိတာ အဖမ်းမခံနိုင်လို့အကုန်ပြန်ဖျက်နေကြတယ်အခု”ဟု ပြောသည်။
ရခိုင်မှာစစ်ရှုံးနေသည့်စစ်ကောင်စီသည် စစ်ရေးနှင့်မသက်ဆိုင်သည့်ရခိုင်အရပ်သားမှန်သမျှကို နည်းမျိုးစုံဖြင့်အငြိုးအတေးထားကာ လူ့အခွင့်အရေးချိုးဖောက်နေခြင်းဖြစ်ကြောင်း သူက ပြောသည်။
ဧရာဝတီတိုင်းအတွင်းစစ်ဘေးရှောင်နေသည့် သာမာန် ရခိုင်စစ်ဘေးရှောင်များကိုလည်းတစ်စုံတစ်ရာအပြစ်မရှိဘဲ ရခိုင်ဖြစ်သည်ဟုဆိုကာ စစ်ကောင်စီကဖမ်းဆီးမှုများရှိနေသည့်အပြင် ဖိအားပေးရွှေ့ပြောင်းခိုင်းခဲ့မှုများလည်းရှိနေသည်ဟု သိရသည်။ (ဓာတ်ပုံ-Social Media)