သဉ္ဇာနွယ်၊နိရဉ္စရာ၊ဇန်နဝါရီ၃/၂၀၂၅
ရခိုင်ပြည်၊အမ်းရိုးလမ်းပေါ်တွင်မကွေးတိုင်းနတ်ရေကန်ဘက်ကစစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်သားများနှင့်အာရက္ခတပ်တော် (AA) တို့အကြားယမန်နေ့ကတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟုသတင်းရရှိသည်။
အမ်းဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက" သူတို့စကစတွေကနတ်ရေကန်ဖက်ကနေဆင်းလာတဲ့စစ်ကြောင်းတွေ။တစ်ကြောင်းမှာ၄၀၊၅၀လောက်ပါမယ်လို့ခန့်မှန်းရတယ်။သူတို့နဲ့AAနဲ့အပြန်အလှန်ဖြစ်ကြတာ။တိုက်ပွဲကပြင်းခဲ့တယ်။ဒီနေ့အထိလည်းအပြန်အလှန်ပစ်ခတ်သံတွေကြားနေရသေးတယ်" ဟုပြောသည်။
တိုက်ပွဲအတွင်းတွင်စစ်ကောင်စီတပ်သားတချို့သေဆုံး၊ဒဏ်ရာရမှုများရှိခဲ့ပြီးတချို့မှာနတ်ရေကန်စခန်းသို့ပြန်လည်နောက်ဆုတ်သွားခဲ့ကြောင်း၎င်းကဆက်လက်ပြောဆိုသည်။
" ဒဏ်ရာရသေဆုံးသူတချို့တော့ရှိတယ်။သူတို့လာတဲ့နတ်ရေကန်ကိုပြန်နောက်ဆုတ်သွားကြတယ်။နတ်ရေကန်ဖက်ကလည်းဒီမနက်အထိလက်နက်ကြီးတွေနဲ့ပစ်နေတယ်" ဟုပြောသည်။
နတ်ရေကန်စခန်းသည်အမ်းမြို့နှင့်မိုင်၅၀ခန့်အကွာတွင်တည်ရှိပြီးတောင်စောက်တောင်ပေါ်ရှိစခန်းသည်အမ်းမြို့မှမိုင်၂၀ခန့်ကွာဝေးကြောင်း၎င်းကပြောသည်။
အမ်းမြို့နှင့်မိုင်၂၀ကွာဝေးသည့်တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဓာတ်အားခွဲစက်ရုံရှိသည့်စစ်ကောင်စီ၏တောင်စောက်စခန်းအနီးအနားဝန်းကျင်တွင်လည်း AAနှင့်စစ်ကောင်စီတို့မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားမှုများရှိကြောင်းသိရသည်။
နတ်ရေကန်စခန်းမှစစ်ကောင်စီတပ်သားများသည်တောင်စောက်စခန်းသို့အသွားအလာရှိနေပြီးစစ်ကြောင်းထိုးမှုများရှိနေကြောင်းသိရသည်။
ယခုရိုးပေါ်တွင်ရှိသည့်စစ်ကောင်စီ၏စခန်းများတွင်အမ်းတိုက်ပွဲမှဆုတ်ခွာထွက်ပြေးသွားသည့်စစ်သားများနှင့်မကွေး၊မင်းဘူးဖက်မှအင်အားဖြည့်တင်းထားသောစစ်ကောင်စီတပ်သားများဖြင့်အင်အားဖြည့်တင်းထားကြောင်းသိရသည်။
စစ်ကောင်စီသည်အမ်းမြို့အပါအဝင်တိုက်ပွဲဖြစ်ပွားနေသည့်နေရာများကိုလေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများလည်းဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။